တရုတ်ကို စိန်ခေါ်တဲ့ အနေနဲ့ တောင်တရုတ်ပင်လယ်မှာ အမေရိကန် စစ်သင်္ဘော ထပ်မံခုတ်မောင်း

မတ်၊​၂၅

အမေရိကန် ဖျက်သင်္ဘောကို ခြောက်လှန့် မောင်းထုတ်ခဲ့ကြောင်း တရုတ်က ကြွားလုံးထုတ်ခဲ့ပြီး နောက်တနေ့မှာပဲ အဲဒီနေရာကို အဲဒီသင်္ဘောပဲ နောက်တကြိမ် ဖြတ်သန်း ခုတ်မောင်းပြခဲ့ကြောင်း အမေရိကန် ရေတပ်က ကြေညာခဲ့ပါတယ်။

အမေရိကန်ရဲ့ ပဲ့ထိန်း ဒုံးကျည်တပ် ဖျက်သင်္ဘော USS Miliusဟာ တောင်တရုတ်ပင်လယ်ထဲက တရုတ် ရေတပ်စခန်း တည်ရှိရာ ကျွန်းတွေနားက ဖြတ်သန်းသွားတဲ့အချိန် ခြောက်လှန့် မောင်းထုတ်ခဲ့ကြောင်း တရုတ် ရေတပ်က အခုသီတင်းပတ်ကုန်မှာ ကြေညာပါတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ အမှတ် ၇ ရေတပ်မက တရုတ်ရဲ့ အဆိုကို ငြင်းပယ်ပြီး USS Miliusဟာ ဘယ်လို နှောင့်ယှက်မှုမျိုးမှ မကြုံခဲ့ရဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

ဒါ့အပြင် နောက်တနေ့၊ မတ် ၂၄ ရက်မှာ တရုတ်ကို တန်ပြန် စိန်ခေါ်တဲ့ အနေနဲ့ အဲဒီ ရေလမ်းကြောင်းအတိုင်း USS Miliusက နောက်တကြိမ် ထပ်မံ ခုတ်မောင်းပြခဲ့ကြောင်း အမေရိကန် ရေတပ်က ထုတ်ပြန်ခဲ့ပါတယ်။ ပင်လယ်ရေကြောင်း လွတ်လပ်စွာ ခုတ်မောင်းမှုမှာ နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေနဲ့ ညီညွတ်နေသ၍ ဘာကိုမှ ဂရုစိုက်နေစရာ မလိုကြောင်း၊ USS Miliusဟာ ပါရာဆဲလ် ကျွန်းစုတွေနားမှာ လွတ်လပ်စွာ ကင်းလှ​ည့် ခုတ်မောင်းခဲ့ကြောင်း အမေရိကန် အမှတ် ၇ ရေတပ်မရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ လူကာ ဘာကစ်က ဆိုပါတယ်။

တရုတ်က စီရှားလို့ ခေါ်ဝေါ်တဲ့ ကျွန်းစုတွေနားမှာ ခုတ်မောင်းခဲ့တဲ့ အမေရိကန် ရေတပ်သင်္ဘောကို ခြောက်လှန့် မောင်းထုတ်ခဲ့တယ်လို့ တရုတ် ရေတပ်က ခပ်ကြွားကြွား ကြေညာပြီး ချက်ချင်းလိုလို အမေရိကန်က စိန်ခေါ်မှုဆန်ဆန် တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်ဟာ ပါရာဆဲလ် ကျွန်းစုတွေ အပါအဝင် တောင်တရုတ်ပင်လယ် ရေပြင်တခုလုံးကို ပိုင်နက်အဖြစ် သိမ်းသွင်း သတ်မှတ်လိုပေမယ့် အမေရိကန်က တရုတ်ရဲ့ သဘောထားကို လုံးဝ အသိအမှတ် မပြုသလို အဲဒီ ပင်လယ်ရေပြင်မှာ အရင်ကလည်း စစ်သင်္ဘောတွေ၊ လေယာဉ်ပျံတွေကို ကင်းလှည့် ခုတ်မောင်းမှု၊ ပျံသန်းမှုတွေ လုပ်ဆောင်စေခဲ့ပါတယ်။

Ref: CNN