မတ်၊ ၂၅
ပြင်သစ်ရဲ့ လက်ရှိ ပြည်တွင်းရေး မတည်ငြိမ်မှုတွေကြောင့် ဗြိတိန်ဘုရင် ချားလ်စ်ရဲ့ ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း သိရပါတယ်။
မူလက ချားလ်စ်ဘုရင်ဟာ ပါရီနဲ့ ဘောဒိုးစ်မြို့တွေကို မတ်လ ၂၆ ရက်မှာ သွားရောက်ဖို့ ရည်ရွယ်ထားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီမြို့ နှစ်မြို့လုံး အပါအဝင် ပြင်သစ်က မြို့ကြီးတချို့မှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ခရီးစဉ် ရွှေ့ဆိုင်းပေးဖို့ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ဗြိတိန် တော်ဝင် မိသားစုဆီ မေတ္တာ ရပ်ခံခဲ့ပါတယ်။
ပြင်သစ် သမ္မတရဲ့ တောင်းဆိုမှုကြောင့် ချားလ်စ်ဘုရင်နဲ့ မိဖုရားက ကယ်မီလာတို့ရဲ့ ခရီးစဉ်ကို လတ်တလော ရွှေ့ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဘာကင်ဂမ် နန်းတော်က မတ် ၂၄ ရက်မှာ ကြေညာခဲ့ပါတယ်။
ပြင်သစ်မှာ သမ္မတ မာခရွန်က နိုင်ငံရဲ့ ပင်စင် အသက်အရွယ် သတ်မှတ်ချက် ဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားရာက မကျေမနပ် ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့တာပါ။ သမ္မတကလည်း ပင်စင်ယူတဲ့ အသက်အရွယ်ကို ၆၂ နှစ်ကနေ ၆၄ နှစ်ထိ တိုးမြှင့်ချင်တဲ့ သူ့ရဲ့ အဆိုကို မရုပ်သိမ်းတာကြောင့် အခြေအနေတွေက ပိုမို ဆိုးရွားနေပါတယ်။
မာခရွန်က သူဟာ ဗြိတိန် ဘုရင်နဲ့ မိဖုရားကို ခင်မင် လေးစားသလို ဗြိတိန် ပြည်သူတွေကိုလည်း အလေးအနက်ထားကြောင်း၊ ဒါပေမဲ့ လက်ရှိ အခြေအနေတွေအရ ချားလ်စ်ဘုရင်ရဲ့ ခရီးစဉ်ကို ဆိုင်းငံ့ထားတာက ပိုပြီး လက်တွေ့ကျတဲ့ ရွေးချယ်မှု ဖြစ်မယ်ဆိုတာ သေချာဆက်သွယ် ရှင်းလင်းပြခဲ့ကြောင်း ဘရပ်ဆဲလ်မှာ ကျင်းပတဲ့ ဥရောပ သမဂ္ဂ အစည်းအဝေး အပြီးမှာ ပြောကြားသွားပါတယ်။
လက်ရှိ ဆန္ဒပြပွဲတွေအရ ချားလ်စ်ဘုရင်ရဲ့ ခရီးစဉ်ကို အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်လောက်အောင် ခက်ခဲလိမ့်မယ်လို့ ဗြိတိန် အစိုးရကလည်း ယူဆပါတယ်။ ပြင်သစ်နိုင်ငံ အနှံ့က ဆန္ဒပြပွဲတွေမှာ လူပေါင်း သန်းနဲ့ချီ စုဝေး ပါဝင်နေသလို တချို့မြို့တွေမှာ မင်းမဲ့စရိုက်ဆန်ဆန် ဆူပူ သောင်းကျန်းမှုတွေပါ ဖြစ်ပေါ်နေပါတယ်။
Ref: BBC