မတ်၊ ၂၅
အင်္ဂလန်ရဲ့ ဂိုးသွင်းအများဆုံး စံချိန်ရှင် ဖြစ်လာတဲ့အတွက် ပြောမပြတတ်အောင် ဂုဏ်ယူမိကြောင်း ဟယ်ရီကိန်းက ဖွင့်ဟခဲ့ပါတယ်။
အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင်ဟာ အခု သီတင်းပတ်ထဲမှာ အီတလီကို အနိုင်ရခဲ့တဲ့ ဥရောပဖလား ခြေစစ်ပွဲမှာ ပင်နယ်တီကနေ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ကိန်းရဲ့ သွင်းဂိုးနဲ့အတူ အင်္ဂလန်က ၂-၁ နဲ့ အသာစီးရခဲ့တဲ့နောက် ၁၉၆၁ ခုနှစ်ကစလို့ အီတလီမြေမှာ အင်္ဂလန်ရဲ့ ပထမဆုံး နိုင်ပွဲလည်း ဖြစ်လာခဲ့ပါတယ်။
မကြာသေးခင်က ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် အဆင့်မှာ ပင်နယ်တီ လွဲချော်ခဲ့ဖူးတဲ့ နာကျင်စရာ အတိတ်ကို အခုပွဲမှာတော့ ကိန်းက ပင်နယ်တီနဲ့ပဲ ချေဖျက်ပြီး သူ့ရဲ့ ၅၄ ဂိုးမြောက် လက်ရွေးစင် သွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူဟာ ဝိန်းရွန်နေးရဲ့ ဂိုးသွင်း စံချိန်ထက် ၁ ဂိုး အသာရပြီး ကျော်တက်နိုင်ခဲ့ပါပြီ။
သူ့အတွက်တော့ ထူးကဲလွန်းတဲ့ အခိုက်အတန့် တခုဖြစ်ကြောင်း၊ အီတလီကို နှစ်ပေါင်းများစွာ အကြာမှာ အင်္ဂလန်က အနိုင်ယူခဲ့တယ် ဆိုတာကိုက အံ့ဩစရာ ဖြစ်နေပြီး သူက ဂိုးပါ သွင်းနိုင်ခဲ့တဲ့အတွက် အရမ်း ပျော်မိကြောင်း၊ သူ့အနေနဲ့ ပြောမပြတတ်အောင် ဂုဏ်ယူနေမိသလို အင်္ဂလန်ရဲ့ ဂိုးသွင်း အများဆုံး ဘောလုံးသမား ဖြစ်လာတယ် ဆိုတာက အိပ်မက်တွေ လက်တွေ့ အကောင်အထည် ပေါ်လာတယ်လို့တောင် ရည်ညွှန်းနိုင်ကြောင်း၊ သူ့အနေနဲ့ ပင်နယ်တီ မကန်ခင်ကတည်းက ဂိုးဝင်မယ်လို့ ခံစားနေမိခဲ့ကြောင်း ကိန်းက ဆိုပါတယ်။
အင်္ဂလန် လက်ရွေးစင် ဂါရတ်သ် ဆောက်သ်ဂိတ်ကလည်း အသက် ၂၉ နှစ်အရွယ် ကိန်းရဲ့ ပရော်ဖက်ရှင်နယ် ပီသမှုနဲ့ စိတ်ဓာတ် ခိုင်မာမှုကို ချီးကျူးခဲ့ပါတယ်။ လောလောလတ်လတ် ပင်နယ်တီ လွဲထားဖူးတဲ့ အကြောင်းကို ကိန်းက မေ့ဖျောက်ပြီး လုပ်သင့်တာကို ထိထိရောက်ရောက်၊ မှန်မှန်ကန်ကန် လုပ်ပြခဲ့ကြောင်း၊ ကိန်းရဲ့ စံချိန်သစ်နဲ့ ပတ်သက်လို့ ကစားသမား အတွက်ရော၊ သူ့မိသားစု အတွက်ပါ ဝမ်းသာမိကြောင်း ဆောက်သ်ဂိတ်က ဆိုပါတယ်။
အင်္ဂလန်ဟာ ၂၀၂၄ ခုနှစ်၊ ဥရောပဖလား ခြေစစ်ပွဲကို ပုံစံကောင်းနဲ့ စတင်ခဲ့သလို အီတလီကို ပထမပိုင်းမှာ ဒီကလန်ရိုက်စ်၊ ကိန်းတို့ရဲ့ သွင်းဂိုးတွေနဲ့ ပြတ်ပြတ်သားသား ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ အင်္ဂလန် ခံစစ်မှူး လုခ်ရှော အနီကတ် ထိခဲ့လို့ အသင်းအနေနဲ့ ရုန်းကန်ခဲ့ရသလို ခြေစွမ်း အရလည်း ပထမပိုင်းလောက် အားရစရာ မရှိဘူးလို့ ဆောက်သ်ဂိတ်က ဝန်ခံသွားပါတယ်။
Ref: Guardian