စစ်ကောင်စီက တပတ်အတွင်း အရပ်သား ၁၃၀ ခန့်ကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ခဲ့

မတ် ၊ ၂၄

အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ရေးပြင်းထန်နေတဲ့ တိုင်းနဲ့ ပြည်နယ် (၃)ခုမှာ တပတ်အတွင်း ဒေသခံအရပ်သား ၁၃၀ ခန့်ကို လူသားဒိုင်းအဖြစ် အသုံးချဖို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုုက် လူ့အခွင့်အရေးမှတ်တမ်းပြုစုရေးကွန်ယက်က သိရပါတယ်။ 

မတ်လ ၁၅ ရက်နဲ့ ၂၁ ရက်အတွင်းမှာ စစ်ကောင်စီလက်အောက်ခံတပ်တွေဟာ စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီတိုင်းတို့က ဒေသခံ အရပ်သား ၁၃၀ ခန့်ကို လူသားဒိုင်းအဖြစ် အသုံးချဖို့ ဖမ်းဆီးခဲ့ပြီး မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့ကဒေသခံပြည်သူ ၁၁ ဦးကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။  

စစ်ကောင်စီတပ်တွေဟာ နိုင်ငံတဝန်းမှာ တပတ်အတွင်း ၃၆ကြိမ်တိတိကို လူအခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ

စစ်ကိုင်းနဲ့ မကွေးက ၇ ကြိမ်နဲ့ အများဆုံးဖြစ်ပြီး၊ တနင်္သာရီနဲ့ ကချင်မှာ ၅ ကြိမ်စီ ကျူးလွန်ခဲ့ပါတယ်။ “စစ်ကိုင်းမှာက စစ်ကြေင်းထိုးလာပြီးဆိုရင် ပြည်သူတွေဟာ လွှတ်အောင် ပြေးနိုင်ရင် ပြေး၊ မပြေးနိုင်ရင် မိရင် အသတ်ခံရပါတယ်။ အထူးသဖြင့် လူငယ်၊ လူလတ်ပိုင်းတွေဟာ သူတို့ လက်ထဲမှာ ရောက်သွားတယ်ဆိုရင် သူတို့ရဲံ သတ်ဖြတ်ခြင်းကို ခံရတာပေါ့။ အခုနောက်ပိုင်းဆိုရင် လူငယ်လူလတ်တွေသာမကဘူး သက်ကြီးပိုင်တွေကိုလည်း ချမ်းသာမပေးဘူး။ ဥပဒေမဲ့ သတ်ဖြတ်မှုတွေက ကြုံနေတာ ဖြစ်ပါတယ်” လို့ ဒီပဲယင်း စစ်ရှောင်ကူညီရေးအဖွဲ့မှ တာဝန်ခံ တဦးက ပြောပါတယ်။ 

 

စစ်ကောင်စီတပ်ရဲ့ လက်ချက်ကြောင့် တစ်ပတ်အတွင်း မြေမြှေုပ်မိုင်းကြောင့် အရပ်သား သေဆုံးသူ ၃ ဦး ရှိပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၄ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းတွေ ဆက်လက်ထိုးနေပြီး ဒေသခံ ပြည်သူတွေကို ဖမ်းဆီးညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးအသုံးပြုခြင်းတွေ ဆက်လက် ကျူးလွန်နေဆဲ ဖြစ်တယ်လို့  သိရပါတယ်။ 

စစ်တပ်ရဲ့ မြန်မာနိုင်ငံမှာ ကျူးလွန်နေတဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကနေ အရေးယူခံရမှုတွေ ကင်းလွတ်နေတဲ့အတွက် နိုင်ငံတကာအနေနဲ့ ထုတ်ပြန်ချက်တွေသာ ထုတ်မနေဘဲ လက်တွေ့အရေးယူနိုင်ရေး ဆောင်ရွက်ပေးဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုနေကြပါတယ်။

ပုံစာ-ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့မြောက်ဖက် ကသဲ(ရွှေပြည်အေး)ရွာမှာ ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ၂၇ရက်က ဒေသခံ၁၉ဦးကိုစစ်ကောင်စီကလူသားဒိုင်းအဖြစ်ဖမ်းဆီးခဲ့စဉ်ကပုံ။