မတ် ၊ ၂၄
ကရင်နီပြည်နယ်(ကယားပြည်နယ်)၊ ဘော်လခဲမြို့နယ်၊ ဝမ်ဗလကျေးရွာအနီးမှာ ယမန်နေ့က စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးနဲ့ ၅ ကြိမ်တိုင်တိုင် လေကြောင်းနဲ့ ဗုံကျတိုက်ခိုက်တဲ့အတွက် သစ်လုပ်ငန်းလုပ်ကိုင်နေတဲ့ ပြည်သူ ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တယ်လို့ သိရပါတယ်။
ယမန်နေ့ မတ်လ ၂၃ ရက် ညနေပိုင်းမှာ စစ်ကောင်စီက ဒေသခံပြည်သူတွေ လုပ်ကိုင်နေထိုင်တဲ့ လုပ်ငန်းနေရာတစ်ခုကို ဒေသကာကွယ်ရေးတပ်ဖွဲ့စခန်းနဲ့ မှားယွင်းကာ လေကြောင်း တိုက်ခိုက်မှု ငါးကြိမ်းကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဘော်လခဲမြို့နယ်မှ ပြန်ကြားရေးတာဝန်ခံ ကိုမုန်တိုင်းက ပြောပါတယ်။
“ဘာကြောင့်တိုက်ခိုက်တာလဲဆိုရင် သူတိုက ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တပ်စခန်းတွေကို လိုက်ရှာပြီး ကြဲတယ်လို့ ယူဆရတယ်။ ဖြစ်ချင်တော့ ဒေသခံ ပြည်သူတွေ သစ်လုပ်ငန်း လုပ်နေတဲ့ အလုပ်သမားတန်းလျာဖြစ်နေတော့ ပြည်သူတွေ ထိခိုက်သွားတယ်ဗျ။ တိုက်လေယာဉ်က ပေါင် ၅၀၀ ရှိတဲ့ ဗုံး ၅ လုံးနဲ့ ငါးကြိမ်တိုင်တိုင် လာရောက် ကျသွားတာလို့ မြေပြင်သတင်းရရှိပါတယ်။ ဘောလခဲ က ပြည်သူတွေပါပဲ။ အဲဒီဝန်းကျင်မှာ သစ်လုပ်ငန်းနဲ့ တောင်ယာလုပ်ငန်းကို လုပ်ကိုင်နေကြတဲ့ သူတွေပါ”လို့ သူက ပြောပါတယ်။
ထိခိုက်ဒဏ်ရာနဲ့ သေဆုံးတဲ့ ပြည်သူတွေဟာ အသက် ၂၀ အရွယ်မှ ၅၀ အရွယ် အမျိုးသားတွေဖြစ်ပြီး သစ်လုပ်ငန်းနဲ့ တောင်ယာလုပ်ငန်းကို လုပ်ကိုင်ကြတဲ့ ဒေသခံတွေ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် အနီးအနားရှိ ၁၀ ဘီးကားတစီး၊ အလုပ်သမားတန်းလျားနဲ့ တဲတွေ ပျက်စီးသွားပြီး တိုက်ပွဲတွေ ဖြစ်ပွားတာမျိုး မရှိဘဲနဲ့ လေကြောင်းကနေ လာရောက်တိုက်ခိုက်တယ်လို့သိရပါတယ်။
“စစ်ရေးအခြေအနေကတော့ ၁၆ ရက်နေ့မြေနီပေါက် ကျေးရွာအနီးမှာ ဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီအကြမ်းဖက်နဲ့ ကျနော်တို့ ကြားမှာတော့ စစ်ရေးတင်းမာမှုတော့ ရှိနေသေးတုန်းပါ။ ဘောလခဲမြို့နယ်ထဲမှာက ရွာလုံးကျွတ် စစ်ရှောင်ရတာက ရွာ ၃ရွာရှိတယ်။ စစ်ရှောင်လူဦးရေးကတော့ တထောင်လောက် မှန်းနိုင်တယ်” လို့ဘော်လခဲ-PDF တာဝန်ခံက ပြောပါတယ်။
ဘောလခဲမြို့နယ်က စစ်ရှောင် တထောင်ခန့်ဟာ အခြေခံစားသောက်ကုန်စည်တွေ၊ နေထိုင်ရေးပစ္စည်းတွေ အရေပေါ် လိုအပ်နေပြီး၊ ရွာတွေနဲ့ နီးစပ်ရာ တောတောင်တွေမှာ စစ်ရှောင်နေရကာ အကူအညီတွေ လိုအပ်နေပါတယ်။
ရေနီပေါက်ကျေးရွာနဲ့ မိုင်းထမ်းကျေးရွာတွေကို စစ်ကောင်စီက နေ့စဉ်နီးပါး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက် ဘုန်ကြီးကျောင်းနဲ့ အရပ်သား နေအိမ် ၂၀ ခန် ပျက်စီးနေတယ်လို့ သိရပါတယ်။