မတ် ၊ ၂၄
မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ရဲ့မြေပြင်လှုပ်ရှားမှုရေးရာတာဝန်ခံ ကိုကောင်းဆက်ပိုင်ကို စစ်ကောင်စီရဲ့ အင်းစိန်ထောင်တွင်းတရားရုံးက ထောင်ဒဏ် တသက်တကျွန်းပြစ်ချမှတ်လိုက်တယ်လို့ ဗကသများအဖွဲ့ချုပ်ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။
ကိုကောင်းဆက်ပိုင်ကို စစ်ကောက်စီရဲ့အင်းစိန် ထောင်တွင်းတရားရုံး မတ်လ ၂၂ရက်မှာအမိန့်ချ မှတ်ခဲ့တာဖြစ်ပြီး အမိန့်ချမှတ်ခဲ့ပြီးတဲ့တိုင် ကိုကောင်းဆက်ပိုင်ဟာ မိသားစုဝင်တွေနဲ့တွေ့ခွင့်မရသေးဘူးလို့လည်း သူက ပြောပါတယ်။
“မိသားစုနဲ့ တွေ့ခွင့်တော့မရသေးဘူး၊မြောက်ဥက္ကလာ ဝေဘာဂီရဲစခန်းမှာ နောက်ဆုံးတွေခွင့်ရတယ်၊ စခန်းမှာ ဆယ်ရက်လောက်နေရတယ်၊အဲဒီနောက် ခုထိတော့ တွေ့ခွင့်မရသေးပါဘူး၊အင်းစိန်ထောင်မှာပါပဲ”လို့ ဗကသများအဖွဲ့ချုပ်ရဲ့ သတင်းနဲ့ပြန် ကြားရေးတာဝန်ခံက ပြောပါတယ်။
ကိုကောင်းဆက်ပိုင်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က)၊ပုဒ်မ၅၀(ည) တို့နဲ့ တရား စွဲဆိုခဲ့ပြီး နှစ်လကျော်အကြာမှာ အခုလို အမိန့်ချမှတ်ခံရတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ ကိုကောင်းဆက်ပိုင်ကို မိသားစုဝင်တွေနဲ့တွေ့ခွင့်မပေးသေးတာဟာ အမိန့်ချမှတ်ခံရပြီးနောက် အင်းစိန်ထောင်အချုပ်ဆောင်ကနေ အကျဆောင်ကို ပြောင်းရွှေ့နေတာကြောင့် ဖြစ်နိုင်တယ်လို့ အင်းစိန်ထောင်နဲ့နီးစပ်တဲ့ ရှေ့နေတဦးကပြောပါတယ်။
“အခုကတော့ တွေ့လို့မရသေးဘူးဆိုတာ ပထမက အချုပ်ဆောင်မှာပဲထားတာပေါ့၊အခုအမိန့်ချမှတ်ပြီးပြီဆိုရင်တော့ အကျဆောင်ကိုပြောင်းမှာလေ၊အကျဆောင်ရောက်ပြီးရင်တော့ကျွန်တော်တို့ဒီမှာ ထောင်ဝင်စာတွေတွေ့နေသလို အကျဆောင်အလှည့်ထောင်ဝင်စာတွေ့တဲ့နေကျရင်တွေ့ရမှာပါ”လို့ အင်းစိန်ထောင်နဲ့နီးစပ်တဲ့ ရှေ့နေတဦးကပြောပါတယ်။
ကိုကောင်းဆက်ပိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ၊ဒီဇင် ဘာလ ၁ ရက်မှာ စစ်ကောင်စီရဲ့ဖမ်းဆီးခံခဲ့ရပြီး ဝေဘာဂီရဲ့စခန်းမှာ ချုပ်နှောင်ခံခဲ့ရတာဖြစ်ပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်ကလည်း အထက (၁) မြောက်ဥက္ကလာပ ကျောင်း သားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ဒုဥက္ကဌဖြစ်သူ ကိုဟိန်းထက် (ခ) ကိုပိုပိုကိုထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့ပါသေးတယ်။