အင်းတော်မာန်ဟဲရွာမှာ စစ်ကောင်စီတပ်ကပီဒီအက်ဖ်အသွင်ယူဝင်စီးပြီးအရပ်သားငါးဦးကိုဖမ်းဆီး

မတ် ၊ ၂၄

စစ်ကိုင်းတိုင်း၊အင်းတော်ခရိုင်နဲ့ကချင်ပြည်နယ်အစပ်ကြားကမာန်ဟဲရွာကိုစစ်ကောင်စီတပ်တွေဟာဒီကနေ့မနက် ၂ နာရီလောက်မှာပဲပီဒီအက်ဖ်အသွင်သူအချို့ပါဝင်တဲ့အင်အား ၁၀၀ ကျော်လောက်နဲ့ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူ ၅ ဦးကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီ့ဖမ်းဆီးခံရသူတွေကိုစစ်ကောင်စီတပ်ထဲရောက်နေတဲ့ဒေသခံတဦးကပဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တွေဖြစ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့စစ်ကောင်စီတပ်တွေကိုလမ်းပြခေါ်ဆောင်ဖမ်းဆီးခိုင်းခဲ့တာလို့လည်းသိရပါတယ်။

“ဝင်စီးတာပီဒီအက်ဖ်နဲ့ယူနီဖောင်းတွေဝတ်ပြီးပုံမှားရိုက်ပြီးဝင်စီးတာ။အကုန်လုံးတော့မဟုတ်ဖူး။အဲ့ဒေသက ဒလန်က စစ်ထဲဝင်ပြီး အဲ့စစ်ကြောင်းနဲ့အတူလိုက်လာတာပြီးတော့ရုတ်တရက်ရောက်ချလာပြီးရွာသားတွေကိုဖမ်းသွားတာ။အမျိုးသားတွေချည့်ပဲငါးယောက်ပေါ့။သူတို့ကတော့ပကဖတွေဆိုပြီးဖမ်းသွားတာ”လို့ဒေသခံတဦးက DNA ကိုပြောပါတယ်။

စစ်ကောင်စီတပ်ဟာအရပ်သား၂၀ဦးခန့်ကိုဖမ်းဆီးစစ်ဆေးခဲ့ပေမယ့် ၁၅ဦးခန့်ကိုပြန်လွှတ်ပေးခဲ့တယ်လို့လည်း ဒေသခံတွေကပြောကြပါတယ်။

စစ်ကောင်စီတပ်တွေဟာအရပ်သားငါး ဦးအား ဖမ်းခေါ်ဆောင်လာပြီး မာန်ဟဲရွာအနီးက သံလမ်းအောက်ဘက်ရှိ စီပိန်းရွာ နန့်ဒယရေပေါက်နားသို့ ထွက်ခွာသွားတာဖြစ်တယ်လို့လဲသိရပါတယ်။

“ရွာကတော့မော်လူးဒေသပကဖခေါင်းဆောင်ရဲ့ရွာပေါ့ ။အဲ့ဒါကိုဒီရွာမှာသူ့လူတွေရှိတယ်ဆိုပြီးလာစီးတာ၅ယောက်ဖမ်းတာ ။ကျန်တဲ့သူတွေကလွှတ်ပေးခဲ့တယ်လို့သိရတယ် ။ခုလမ်းမှာတိုက်ပွဲဖြစ်နေတယ်ကြားတယ် “လို့ဒေသခံတဦးကထပ်ပြောပါတယ်။

လက်ရှိမှာတော့စစ်ကောင်စီတပ်တွေဟာဖမ်းဆီးခံထားရတဲ့အရပ်သားတွေကိုတင်ဆောင်ကာအင်းတော်မြို့ဖက်ကိုထွက်ခွာနေပြီးလမ်းမှာတိုက်ပွဲပြင်းထန်နေတယ်လို့သိရပေမယ့်ဘယ်အဖွဲ့နဲ့တိုက်ပွဲဖြစ်ပွားနေတယ်ဆိုတာကိုတော့အတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့မတ်လ ၅ ရက်နေ့ကလဲစစ်ကောင်စီတပ်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုထောက်ပံတယ်ဆိုတဲ့အကြောင်းပြချက်နဲ့အင်းတော်မြို့မစျေးတိုက်တန်းအတွင်းကCDM ဆရာမ သုံးဦးအပါအဝင်ဒေသခံ ၁၅ ဦးကိုဖမ်းဆီးခေါ်​ဆောင်သွားခဲ့တဲ့ဖြစ်စဥ်ဖြစ်ပွားခဲ့ပြီးအဲ့ဒီ့တုန်းကဖမ်းဆီးခံထားရသူတွေလည်းအခုထိပြန်လည်လွှတ်မြောက်ခြင်းမရှိသေးဘူးလို့သိရပါတယ်။