မတ် ၊ ၂၄
ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီး ပထမဆုံး လက်ရွေးစင် ပွဲစဉ်မှာ ဂိုးတွေ သွင်းယူခဲ့တဲ့နောက် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ နိုင်ငံတကာ စံချိန်သစ်တွေ ထပ်တင်နိုင်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ ဥရောပဖလား ခြေစစ်ပွဲအဖြစ် လက်ချ်တင်စတိန်းနဲ့ ယှဉ်ပြိုင်ရာမှာ ပေါ်တူဂီက ၄-၀ နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပြီး အသက် ၃၈ နှစ်အရွယ် အသင်းခေါင်းဆောင်က ၂ ဂိုး သွင်းခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာ ပေါ်တူဂီ လက်ရွေးစင် စဖြစ်လာတဲ့ ရော်နယ်လ်ဒိုဟာ အခုဆိုရင် လက်ရွေးစင် ပွဲပေါင်း ၁၉၇ ပွဲထိ ကစားပြီး စံချိန်တင်ထားသလို လက်ရွေးစင် သွင်းဂိုး ၁၂၀ ဆိုတာလည်း အမျိုးသား လက်ရွေးစင် အသင်းတွေရဲ့ စံချိန်ပဲ ဖြစ်ပါတယ်။
ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့နောက် ကမ္ဘာ့ဖလား ၅ ခုဆက်တိုက် ယှဉ်ပြိုင်ဖူးတဲ့ ပထမဆုံး ဘောလုံးသမား အနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
လက်ချ်တင်စတိန်းနဲ့ ပွဲစဉ် ပထမပိုင်းမှာတော့ ရော်နယ်လ်ဒိုဟာ အပိုင် အခွင့်အရေးတချို့ လွဲချော်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ပင်နယ်တီနဲ့ ပြစ်ဒဏ်ဘောတွေကနေတဆင့် ၂ ဂိုး သွင်းခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်လ်ဒိုဟာ လတ်တလောမှာတော့ ဆော်ဒီအာရေးဘီးယားကလပ် အယ်လ်နက်ဆာမှာ ပရော်ဖက်ရှင်နယ်အဖြစ် ပါဝင် ကစားနေပါတယ်။ သူဟာ ဥရောပ ဘောလုံးလောကကို စွန့်ခွာခဲ့ပြီး ဖြစ်ပေမယ့်လည်း ပေါ်တူဂီ အသင်းရဲ့ မန်နေဂျာသစ် ရောဘတ်တို မာတီနက်ဇ်က လက်ရွေးစင် အသင်းအတွက် ဆက်လက်ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။