မတ်၊ ၂၃
စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်၊မြကန်ကျေးရွာကိုဒီကနေ့မတ်လ၂၃ရက်၊မနက်၈နာရီအချိန်ကစစ်ကောင်စီတပ်တွေဟာ လက်နက်ငယ်တွေနဲ့ပစ်ခတ်ဝင်ရောက်လာခဲ့ပြီး အသက်၆၅နှစ်အမျိုးသားတဦးကိုရိုက်နှက်သတ်ဖြတ်သွားခဲ့တယ်လို့သိရပါတယ်။
“စစ်ကြောင်းထိုးလာတော့ရွာကလူတွေကပြေးကြရှောင်ကြဖို့ပြင်ကြတာပေါ့ ။အဲ့ဒီဦးလေးကလည်း ရှောင်ဖို့ဆိုင်ကယ်ပေါ်အထုပ်ကလေး၂ထုပ်တင်ထားတာပြီးထွက်မယ့်အချိန်ကိုဖမ်းမိတာ ။ရိုက်နှက်ပြီးတော့ပစ်သတ်သွားတယ်”လို့ခင်ဦးသတင်းမှန်ပြန်ကြားရေးကသာစစ်လင်းကပြောပါတယ်။
သေဆုံးသူမှာအသက်၆၅နှစ်အရွယ် ဦးညိုတင်ဖြစ်တယ်လို့လည်းသိရပါတယ်။ စစ်ကောင်စီတပ်တွေဝင်ရောက်လာချိန်မှာနေအိမ်တအိမ်ကိုလည်းမီးရှို့ခဲ့သေးတယ်လို့သိရပါတယ် ။
အဆိုပါစစ်ကောင်စီတပ်တွေဟာ မူးတိမ်းချောင်းဘက်ကနေဝင်ရောက်လာတဲ့စစ်ကြောင်းနဲ့ရွာသစ်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်တွေနှစ်ကြောင်းညှပ်လာတာဖြစ်တယ်လို့လည်းသိရပါတယ်။
စစ်ကောင်စီတပ်တွေဟာကျေးရွာအတွင်းစစ်ကြောင်းထိုးမွှေနှောက်ရိက္ခာသယ်သွားပြီး မနက်၁၀နာရီအချိန်ကပြန်လည်ထွက်ခွာသွားခဲ့တယ်လို့သိရပါတယ် ။
စစ်ကောင်စီတပ်တွေဝင်ရောက်ချိန်ကမြကန်ကျေးရွာအပါအဝင်အနီး ဝန်းကျင်ကကျေးရွာ၆ရွာကဒေသခံတွေစစ်ရှောင်ခဲ့ရပြီး စစ်ကောင်စီတပ်တွေပြန်လည်ထွက်ခွာချိန်မှာတစ်ချို့ဒေသခံတွေဟာကျေးရွာတွေထဲကိုပြန်လည်ဝင်ရောက်နေပြီဖြစ်တယ်လို့သိရပါတယ်။
ခင်ဦးမြို့နယ်မှာစစ်ကောင်စီအာဏာသိမ်းတဲ့၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီလကနေစတင်ပြီးဒီကနေ့အချိန်ကျေးရွာပေါင်း-၆၈ရွာက အရပ်သားနေအိမ်ပေါင်း ၄၁၇၆လုံးကို မီးရှို့ဖျက်ဆီးထားပြီ ဖြစ်တယ်လို့လည်းသိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ စစ်ရှောင်ဦးရေ ၁ ဒဿမ ၇ သန်းကျော်အထိ မြင့်တက်လာပြီး လူသားချင်းစာနာမှုအကူအညီလိုအပ်နေတဲ့ လူပေါင်းဟာ နိုင်ငံလူဦးရေရဲ့ သုံးပုံတပုံဖြစ်တဲ့ ၁၇ သန်းကျော်ဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
ဘာသာရေးအဆောက်အအုံအပါအဝင် နေအိမ်တွေမီးရှို့ဖျက်ဆီးခံရတာဟာ အိမ်ခြေ ၆၀၄၅၉ ရှိပြီး စစ်ကိုင်းတိုင်းက ၄၇၇၇၈ နဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ အများဆုံးလည်းဖြစ်သလို လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းဖြစ်တဲ့ လူရှစ်သိန်းနီးပါးဟာ စစ်ရှောင်နေရပါတယ်။
စစ်ကောင်စီဟာ မြို့နယ်ပေါင်း ၄၇ မြို့နယ်ကိုစစ်အုပ်ချုပ်ရေးကြေညာထားပြီး အာဏာသိမ်းမှုကိုဆန့်ကျင်မှုအားကောင်းတဲ့ စစ်ကိုင်းတိုင်းက ၁၄ မြို့နယ်အထိ ပါဝင်နေတာပါ။