ပြည်မြို့မှာ စည်ပင်ဝန်ထမ်းတဦး ကြိုးဆွဲချသေဆုံး၊တပတ်အတွင်း ကြိုးဆွဲချသေဆုံးမှုသုံးမှုဖြစ်

မတ်၊ ၂၃

 ပဲခူးတိုင်း၊အနောက်ခြမ်းပြည်မြို့၊ကျောင်းကြီးအိုးတန်ရပ်ကွက်၊ကမ်းနားလမ်းကစည်ပင်ရုံးအတွင်းမှာ ဝန်ထမ်း အ မျိုးသား တဦးကြိုးဆွဲချအဆုံးစီရင်ပြီးသေဆုံး သွားတယ်လို့ ပြည်မြို့ခံ ပရဟိတဒါနပါရမီ အသင်းတာဝန်ရှိသူ တဦးက DNA ကိုပြောပါတယ်။

“စည်ပင်ကဝန်ထမ်းတွေဖုန်းဆက်တာ၊ကျွန်တော်တို့အဖွဲ့တွေရောက်တော့ ရဲနဲ့စည်ပင်ဝန်ထမ်းတွေ သေဆုံးသူဦး ကြီးသားလည်းရောက်နေကြပြီ၊သေဆုံးရုပ်အလောင်းကိုတော့ ကြိုးဖြုတ်ပြီး ခေတ္တရာ အသင်းကားနဲ့ ဆေးရုံကြီး ရင်ခွဲရုံကိုပို့လိုက်ပြီ”လို့သူကပြောပါတယ်။

 ကြိုးဆွဲချသေဆုံးခဲ့သူဟာ ပြည်မြို့စည်ပင်ရုံးက ရေစက်မောင်းဝန်ထမ်းတဦးဖြစ်တဲ့ အသက်(၅၃)နှစ်အရွယ် ဦးဝင်းဌေးဖြစ်ပြီး ဒီကနေ့ မနက်အစောပိုင်းမှာ အဲ့ဒီဖြစ်စဉ်ကိုသိကြရတာလို့ ဆိုပါတယ်။လက်ရှိမှာတော့ အဲ့ဒီ သေဆုံးမှုနဲ့ပတ်သက်လို့ နယ်မြေခံရဲစခန်းက စစ်ဆေးနေတယ်လို့ သိရပါတယ်။

 ပြည်မြို့မှာ လတ်တလော သီတင်းပတ်အတွင်း ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသေဆုံးမှုတွေဆက်တိုက်ဖြစ်နေပြီး မတ်လ ၁၆ရက်ကနေ ဒီကနေ့အထိ ရှစ်ရက်အတွင်း အလားတူဖြစ်စဉ် သုံးခုအထိရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေး အသင်းတွေဆီကသိရပါတယ်။

 ပြည်မြို့ ပွင့်လှသိမ်ကုန်းရပ်ကွက်မှာနေထိုင်တဲ့ အသက်(၁၉)နှစ်အရွယ် မအေးသင်္ကြန်ဟာ မတ်လ (၁၆)ရက်က ကြိုးဆွဲချသေဆုံးခဲ့သလို ဆင်းစုရပ်ကွက်မှာနေထိုင်တဲ့ အသက်(၂၉)နှစ်အရွယ် ကိုကောင်းဆက်ဟန်ဟာလည်း မတ်လ (၂၀)ရက်မှာ အလားတူသေဆုံးခဲ့ပါတယ်။

 အဲ့ဒီလို သေဆုံးမှုတွေနဲ့ပတ်သက်လို့ အကြောင်းအရင်းတွေကို မသိရသေးပါဘူး။