ယူကရိန်းဆီ လွှဲပေးမယ့် တိုက်လေယာဉ်တွေကို ရဟတ်ယာဉ်တွေနဲ့ အစားထိုးဖို့ ဆလိုဗက်ကီးယား ကမ်းလှမ်းခံရ

မတ်၊ ၂၃

ယူကရိန်းအတွက် တိုက်လေယာဉ်တွေ လွှဲအပ်ပေးမယ့် ဆလိုဗက်ကီးယားကို အမေရိကန်က တိုက်ခိုက်ရေး ရဟတ်ယာဉ် အသစ်တွေ အစားထိုးပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။

 ဆလိုဗက်ကီးယားဟာ သူတို့ လက်ထဲမှာ ရှိနေတဲ့ ဆိုဗီယက်လုပ် MiG-29 အမျိုးအစား ဘက်စုံသုံး တိုက်လေယာဉ် ၁၃ စီးကို ယူကရိန်းအတွက် လွှဲအပ်ပေးသွားမယ်လို့ ကြေညာထားပါတယ်။ အဲဒီအတွက် အမေရိကန်က ဆလိုဗက်ကီးယားရဲ့ လစ်ဟာသွားတဲ့ စစ်လက်နက်တွေကို ပြန်လည် ဖြည့်တင်းပေးဖို့ မူအားဖြင့် သဘောတူထားပါတယ်။

 အခုအခါမှာတော့ အမေရိကန်က တိုက်လေယာဉ်တွေနေရာ အစားထိုးမှုအဖြစ် Bell AH-1Z တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁၂ စီး ဝယ်ယူဖို့ ဒေါ်လာ သန်းပေါင်း ၃၄၀ ထောက်ပံ့မယ်လို့ ကမ်းလှမ်းလာကြောင်း ဆလိုဗက်ကီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ တကယ်လို့ ရဟတ်ယာဉ်တွေမှာ တပ်ဆင်မယ့် ဝေဟင်က မြေပြင်ပစ် Hellfire ဒုံးကျည် အစင်း ၅၀၀ နဲ့ လေ့ကျင့်ရေး စရိတ်တွေပါ ပေါင်းလိုက်ရင် အဲဒီ အထောက်အပံ့ ပမာဏဟာ ဒေါ်လာ ၁ ဘီလီယံ ဝန်းကျင်ထိ ရောက်ရှိလာနိုင်ပါတယ်။

 နောက်ထပ် လိုအပ်မယ့် ဒေါ်လာ သန်းပေါင်း ၆၆၀ လောက်ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက စိုက်ထုတ် ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ နောက်ပြီး ဥရောပ သမဂ္ဂကလည်း ဆလိုဗက်ကီးယားအတွက် အပိုဆောင်း နစ်နာကြေး ယူရို သန်း ၂၀၀ ပေးအပ်သွားမှာပါ။

 ဆလိုဗက်ကီးယား အစိုးရကတော့ တိုက်လေယာဉ်တွေ နေရာမှာ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ပြန်အစားထိုးဖို့ ဆိုတာက မဟာဗျူဟာ ရှုထောင့်အရ ကိုက်ညီမှု ရှိမရှိ ဆိုတာကို ပြန်လည် ဆန်းစစ် သုံးသပ်နေဆဲလို့ ပြောပါတယ်။

 ဆလိုဗက်ကီးယား အနေနဲ့ မူလကတော့ အပိုပစ္စည်း မရှိတော့တဲ့အတွက် MiG-29 တိုက်လေယာဉ်တွေကို ပျံသန်းခွင့် ရပ်ဆိုင်းထားခဲ့ရပြီး အမေရိကန်ဆီက F-16 Block 70/72 တိုက်လေယာဉ် ၁၄ စီး ပြန်လည် ဝယ်ယူဖို့ စီစဉ်ထားခဲ့ပါတယ်။ ဒါပေမဲ့ နှောင့်နှေးမှု တချို့ကြောင့် ပထမဆုံး F-16တွေကတောင် ၂၀၂၄ ခုနှစ် အစောပိုင်းလောက်မှာ ဆလိုဗက်ကီးယား လေတပ်ဆီ ရောက်လာဖွယ် ရှိနေကြောင်း သိရပါတယ်။