အထည်ချုပ်စက်ရုံတချို့ ဥပဒေနဲ့မညီဘဲ သင်္ကြန်ပိတ်ရက်အတွက်အစားထိုးအချိန်ပိုခေါ်ယူမှုတွေလုပ်နေ

မတ်၊ ၂၃

အထည်ချုပ်စက်ရုံတချို့အနေနဲ့ဥပဒေနဲ့မညီဘဲ သင်္ကြန်ပိတ်ရက်အတွက် ဖိအားပေးပြီးအစားထိုး အချိန်ပိုခေါ်ယူ တာတွေရှိ နေတယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေနဲ့စက်ရုံလုပ်သားတွေဆီကသိရပါတယ်။

“ပိတ်ရက်တိုးပေးမယ်အဲဒီအတွက်အစားထိုးဆင်းပေးရမယ်လို့ပြောတယ်၊အလုပ်သမားတွေအနေနဲ့ကသင်္ကြန်ပိတ်ရက်အေးအေးဆေးဆေးနားချင်တာပဲရှိတော့လက်ခံရတာ၊ကျန်တာဘယ်သူမှတွေးမနေတော့ဘူး၊လက်မခံလို့ လည်းရမှမရတာ”လို့ လိူင်သာယာစက်မူဇုန်အတွင်းက KKTအထည်ချုပ်စက်ရုံမှာလုပ်ကိုင်တဲ့ အထည်ချုပ်လုပ် သားတဦးကပြောပါတယ်။

စက်ရုံတွေက သင်္ကြန်နှစ်ကူးကာလမှာ တရားဝင်ပိတ်ရက်ထက် ခရီးသွားချိန်ရအောင် ရက်ပိုပိတ်ပေးမယ်ဆိုပြီး အစားထိုးဆင်းခိုင်းတာတွေရှိနေသလို၊ သင်္ကြန်ပိတ်ရက်တွေအတွက် အစားထိုးဆင်းစေတာမျိုးတွေ ပါရှိနေတယ် လို့ အလုပ်သမားသမဂ္ဂတွေကလည်းဆိုပါတယ်။ “အစားထိုးဆင်းရတဲ့ရက်တွေအတွက်အချိန်ပိုကြေးပေးတဲ့ရုံတွေရှိသလို၊အချိန်ပိုကြေးမရတာတွေလည်းရှိတယ်။မြို့နယ်အလုပ်သမားရုံးတွေကလည်းဒါကိုစည်းကြပ်မှုအားနည်းနေတယ်”လို့ အထည်ချုပ်စက်ရုံလုပ်သားတဦး လည်းဖြစ်တဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တဦးကပြောပါတယ်။

ပိတ်ရက်အစားထိုးစေခိုင်းမှုတွေနဲ့ပတ်သက်လို့ ငြင်းဆန်ပြောဆိုရင် အကြောင်းမဲ့အလုပ်ထုတ်တာတွေရှိ နေ တာကြောင့် အလုပ်သမားအများစုက တရားဝင်ထုတ်မပြောရဲကြဘူးလို့လည်းသူတို့ကဆိုပါတယ်။

“အသိတယောက်လုပ်နေတဲ့ရုံက အခုအစားထိုးဆင်းပေးနေရပြီ။သူတို့ကမလွန်ဆန်ရဲတော့ ခိုင်းတဲ့အတိုင်း လုပ်နေကြရတယ်”လို့ ရွှေပြည် သာမြို့နယ်အတွင်းလုပ်ငန်းလည်ပတ်နေတဲ့စက်ရုံတရုံက အထည်ချုပ် လုပ်သားတဦးက ပြောပါတယ်။

တည်ဆဲအလုပ်သမားဥပဒေတွေအရအလုပ်သမားတွေကို တဆက်တည်း ဆယ်ရက်ထက်ပိုပြီး အလုပ်စေခိုင်း ခွင့်မရှိတာကြောင့် အခုလိုအစားထိုးဆင်းခိုင်းတာဟာ ဥပဒေနဲ့မညီတဲ့စေခိုင်းမှုဖြစ်တယ်လို့ မြန်မာနိုင်ငံ စက်မှု လက်မှုနဲ့အထွေထွေလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် MICS-TUsFက တာဝန်ရှိသူတဦး ကထောက်ပြပါတယ်။

လက်ရှိမှာ စက်ရုံတွေက သင်္ကြန်မတိုင်ခင် တနင်္ဂနွေ သုံးရက်ကို အစားထိုးအလုပ်ဆင်းခိုင်းတာကြောင့် အထည် ချုပ်စက်ရုံ အလုပ် သမားတွေအနေနဲ့တဆက်တည်းအလုပ် လုပ်ရတဲ့ရက်ပေါင်း နှစ်ဆယ့်တရက်အထိ ဖြစ်နေတယ်လို့သူကပြောပါတယ်။ “သင်္ကြန်ပိတ်ရက်ထက်ပိတ်ရက်ပိုပေးမှာမို့လို့ဆိုတာပဲဖြစ်ဖြစ်၊အချိန်ပိုကြေးပေးသည်ဖြစ်မပေးသည်ဖြစ်စေအဲဒီလိုအစားထိုးစေခိုင်းခွင့်ကိုမရှိဘူး”လို့ MICS-TUsF တာဝန်ရှိသူကပြောပါတယ်။

မခုနှစ်နှစ်သင်္ကြန်ကာလတရားဝင်အလုပ်ပိတ်ရက်ဟာ ဧပြီ၈ရက်ကနေ ၁၇ရက်အထိ ဆယ်ရက်ဖြစ်ပြီး အခုအချိန် အထိစက်ရုံတချို့က ပိတ်ရက်ပေးမယ့်ရက်အတိအကျကိုမကြေညာပေးသေးဘူးလို့လည်းအလုပ်သမားတွေဆီက သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ ပြည်တွင်းကအလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေးချိုး ဖောက်ခံရမှု တွေ ဆိုးဆိုးရွားရွားဖြစ်နေပြီး စစ်ကောင်စီက အဲဒီဖြစ်ရပ်တွေအပေါ်လျစ်လျူရှုနေတယ်လို့လည်း အလုပ်သမားအဖွဲ့ တွေကဝေဖန်ထားပါတယ်။