ALP ပါတီတွင်း ခေါင်းဆောင်ပိုင်း အငြင်းပွားမှုဖြစ်ပြီး ထုတ်ပယ်ကြောင်း အပြန်အလှန်ကြေညာချက်တွေထုတ်နေ

မတ်၊ ၂၂

အပစ်ရပ်လက်မှတ်(‌NCA)ရေးထိုးထားပြီး စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေ လုပ်နေတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါ တီ(ALP)အတွင်း ခေါင်းဆောင်ပိုင်း အငြင်းပွားမှုတွေဖြစ်နေပြီးအဖွဲ့အတွင်းအုပ်စုကွဲတွေအကြား တရားမဝင်ကြောင်း၊ ထုတ်ပယ်ကြောင်း ကြေညာချက်တွေ အပြန်အလှန်ထုတ်နေကြပါတယ်။

စစ်ကောင်စီရဲ့ ဆွေးနွေးပွဲတွေကို ဦးဆောင်တက်ရောက်နေတဲ့ ALP ပါတီ ဒုတိယဥက္ကဌ ဒေါ်စောမြရာဇာလင်းဟာ သူကိုယ်တိုင် ဥက္ကဌတာဝန်ယူပြီး ပါတီကို ပြန်လည်ဖွဲ့စည်းကြောင်း မတ်လ ၅ရက် ရက်စွဲနဲ့ ကြေညာချက် ထုတ်ပါတယ်။

ဒါပေမယ့် ဒေါ်စာမြရာဇာလင်း ဥက္ကဌတာဝန်ယူလိုက်ပြီး ALP ကိုအသစ်ပြန်ဖွဲ့စည်းလိုက်တယ်ဆိုတာဟာ တရားဝင်မှုမရှိဘူးလို့ အခုလိုကြေညာချက်တွေထွက်မလာခင်အထိ ALP ဥက္ကဌအဖြစ်တာဝန်ယူထားတဲ့ ခိုင်ရဲခိုင်ဦး ဆောင်တဲ့ အုပ်စုကလည်း တုံ့ပြန်ကြေညာပါတယ်။

 “ဒုဥက္က္ဌဌ စောမြရာဇာလင်းက သူ့ဟာသူ ဥက္ကဌ ဆိုပြီးမှ statement ထုတ်လာတယ်ပေါ့နော်။ ဒါတရားဝင်မှု မရှိဘူး၊ပါတီရဲ့ ဥက္ကဌကြီး ခိုင်ရဲခိုင်၊ အတွင်းရေးမှူးအဖွဲ့၊ ဗဟိုကော်မတီဝင် ၉၀ ရာခိုင်နှုန်းကျော်ကို အသိမပေးဘဲ သူ့ဟာ သူ ထလုပ်တဲ့ဟာဖြစ်တယ်၊အဲဒါဆိုတော့ ဒါ တရားဝင်မှုမရှိဘူး။ ဒါဟာ ပါတီရဲ့ ဖွဲ့စည်းပုံမှာပါတဲ့ စည်း မျဉ်းစည်း ကမ်းတွေကို ချိုးဖောက်ရာရောက်တယ်။ ဒါဟာ ကြီးလေးတဲ့ အပြစ်ဖြစ်တယ်”လို့ ALP ပါတီရဲ့ အထွေ ထွေအတွင်းရေးမှူး ဆိုသူ ခိုင်ကျော်ခိုင်က DNA ကို ပြောပါတယ်။

ဒီလိုချိုးဖောက်တာကြောင့် ဒေါ်စောမြရာဇာလင်းကို ALP ပါတီက ထုတ်ပယ်လိုက်ပြီဖြစ်တယ်လို့လည်းသူက ပြောပါတယ်။

“သူဟာ ကျွန်တော်တို့ပါတီနဲ့ သက်ဆိုင်မှု မရှိတော့ဘူး။ သူဟာ ပါတီရဲ့ အပြင်ဘက်ကို ရောက်သွားပြီ၊သူလုပ်နေ တဲ့ဟာတွေ သူရဲ့လုပ်ဆောင်တွေက ပါတီနဲ့ ဘာမှ မဆိုင်တော့ဘူး၊ပါတီက ဘာမှ တာဝန်မယူတော့ဘူးပေ့ါနော်၊ အဲဒါကိုလည်း ကျွန်တော်တို့က ပြည်သူကို သိစေချင်ပါတယ်၊ ကိုယ့်ဟာကိုယ် ဥက္ကဌဆိုပြီးမှ ALP ပါတီလုပ်တဲ့ဟာ ကတကယ့်ကို ကြီးမားတဲ့ ပြစ်မှုဖြစ်တယ်”လို့ ခိုင်ကျော်ခိုင်က ထပ်ပြောပါတယ်။

ထို့အတူပဲ ပါတီကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ဒေါ်စောမြရာဇာလင်းတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း NCA လက် မှတ်ရေးထိုးပြီးချိန်ကစလို့ ခေါင်းဆောင်တွေကြားမှာ အမြင်မတူမှုတွေတိုးလာပြီး အသွင်နှစ်မျိုးဖြစ် လာ တာ ကြောင့် ရည်ရွယ်ချက်တူသူတွေနဲ့ ခရီးဆက်နိုင်ဖို့ ပါတီကိုပြန်လည်ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါ တယ်။

 ဒါ့အပြင် ALP ပါတီကို ကော်မတီဝင်သစ်တွေနဲ့ ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့တဲ့ ဒေါ်စောမြရာဇာလင်းက စစ် ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးတဲ့ကိစ္စရပ်တွေကို သူတို့ကပဲALP အမည်ခံပြီး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ DNA ကိုပြောပါတယ်။

“ကျွန်မတို့ သူ့ကို ချန် ထားခဲ့ပြီးပြီ၊သူတို့ သွားချင်သလိုသွား၊ ကျွန်မတို့ မကန့်ကွက်ဘူး၊ကျွန်မတို့ သွားနေတဲ့လမ်း ကိုလည်း လာအနှောင့်အယှက်မပေးနဲ့၊ ကျွန်မတို့ တည့်တည့်ပဲ သွားမှာဖြစ်တယ်”လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

ALP ပါတီတွင်းထဲမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်‌ အောက်တိုဘာလလောက်ကတည်းက သဘောထားကွဲလွဲမှုတွေ ရှိနေခဲ့ တာဖြစ်တယ်လို့လည်းသူက ဆိုပါတယ်။

“ဥက္ကဌကြီးနဲ့ ဖေဖော်ဝါရီလမှာ နှစ်ကြိမ်စကားပြောတယ်၊ဆရာမ သွားချင်တဲ့လမ်းကို သွားလို့ရတယ်တဲ့၊ သူ့လမ်း စဉ်အတိုင်းပဲ သူသွားမှာတဲ့ အဲလိုမျိုး ကျွန်မကို ပြောဖူးတယ်၊ဆိုတော့ သူပြောတာက NCA ကို ငါ လက်မှတ်ထိုး တာမဟုတ်ဘူး။ ခိုင်စိုးနိုင်အောင်ရယ်၊ ခိုင်ထွန်းဝင်းရယ်၊ ဆရာမရယ်ပဲ လက်မှတ်ထိုးတာဖြစ်တယ်၊ သူက လက် မှတ်ထိုးတာနဲ့ မပက်သက်ဘူးဆိုပြီးတော့ သူက အတိအလင်းပြောထားတာရှိတယ်”လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

ALP ပါတီတွင်း အခုလိုမျိုး သဘောထားကွဲလွဲကာ အငြင်းပွားမှုတွေ ရှိနေပေမယ့် ရခိုင်ပြည်သူတွေအတွက်တော့ ထူးခြားတဲ့ သက်ရောက်မှုတစုံတရာ ရှိမှာမဟုတ်ဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

 “ALP ကို ထောက်ခံတဲ့သူက မရှိတော့ပါဘူး၊သူတို့ပါတီတွေအချင်းချင်းတောင် မတည့်ကြတာလေ၊ဒါက ဘာမှ မထူးပါဘူး၊ သူတို့လုပ်နေကြတာက ရယ်စရာကောင်းပါတယ်”လို့ ရခိုင်လူငယ်တစ်ဦးဖြစ်တဲ့ ကိုဇော်မင်းဦးက ပြော ပါတယ်။

 ALP ပါတီဟာ ၁၉၇၆ ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ ဝါရင့် ရခိုင့်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်း တခုဖြစ်ပေမယ့် ရခိုင့်တပ်တော်(AA) ပေါ်လာပြီးနောက်မှာတော့ လူထုထောက်ခံမှု တဖြည်းဖြည်း ကျဆင်း သွား တယ်လို့ ရခိုင်ဒေသခံတွေက ပြောကြပါတယ်။

မြန်မာ-အိန္ဒိယနယ်စပ်တနေရာမှာရှိတဲ့ ALP/ALA ရဲ့ ဗဟိုဌာနချုပ်ကို ရခိုင့်တပ်တော်(AA)က ၂၀၂၂ခုနှစ်အတွင်း စီးနင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

ALP ပါတီဟာ ဦးသိန်းစိုးအစိုးရလက်ထက် ၂၀၁၅ခုနှစ်မှာ NCA လက်မှတ်ရေးထိုးခဲ့သလို အာဏာသိမ်းပြီး နောက် ပိုင်းမှာလည်း NCA မူတွေကို ဆက်လက်စွဲကိုင်ရပ်တည်နေတယ်လို့ဒေါ်စောမြရာဇာလင်းက ထုတ်ပြောထားပြီး စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှုတွေဆက်လုပ်နေတာပါ။

ALP စစ်ဦးစီးချုပ်ခိုင်စောမြအပါအဝင်အရာရှိနှစ်ဦးဟာ အခုနှစ် ဇန်နဝါရီလက စစ်တွေမြို့မှာ ကျင်းပတဲ့ စစ်ကောင် စီရဲ့ လွတ်လပ်ရေးနေ့အခမ်းအနားတက်ပြီးအပြန်မှာ အမည်မသိသူတွေက ပစ်ခတ်လို့ သေဆုံးခဲ့ပါတယ်။

ALP/ALA တပ်ဖွဲ့ဝင်တချို့