မတ္တရာ မြို့၊ ပိုဝမြောက်ရွာမှာ တိုက်ပွဲဖြစ်နေ ၊စစ်အုပ်စုကရွာကို မီးရှို့ဖျက်ဆီး

မတ်၊ ၂၂

မန္တလေးမြို့မြောက်ဖက် ကပ်ရပ်မှာရှိတဲ့ မတ္တရာမြို့နယ် ၊ပိုဝမြောက်ရွာမှာ ဒီကနေ့ မနက်ပိုင်းက ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်အုပ်စုတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က ရွာကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မနေ့က မတ်လ ၂၁ ရက်မှာ မတ္တရာမြို့ပေါ်က လာတဲ့စစ်ကြောင်းက မြို့အနောက်ဖက်ရှိ ရွာတော်ကျေးရွာကို ဝင်ရောက်တပ်စွဲခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာ ပိုဝရွာကို စတင်ဝင်ရောက်ခဲ့တာလို့ ဒေသခံ တဦးကပြောပါတယ်။

“ရွာကို စဝင်ကတည်းက လက်နက်ကြီးတွေ ၊လက်နက်ငယ်တွေနဲ့ ပစ်ဝင်တာပါ။ဒီကနေ့ မနက်ပိုင်း ၉ နာရီလောက်ကမှာ စပြီးတော့ရွာကိုမီးရှို့ပါတယ်။ နေ့ခင်း ၁ နာရီလောက်မှာ မီးငြိမ်သွားတယ်ဗျ။ ပိုဝရွာက ခဏတိုင်းစစ်တပ်ကမီးဝင်ရှို့နေတာ အခုအထိလည်းဒေသခံတွေရွာပြန်ဝင်လို့ မရသေးဘူး ” လို့ သူကပြောပါတယ်။

ပိုဝရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်နဲ့ညှပ်ပြီးရောက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဖက်က ၃ ဦးသေဆုံးတယ်လို့ အဲဒီဒေသတော်လှန်ရေး အဖွဲ့တခုဖြစ်တဲ့ ကောင်းကင်တော်လှန်ရေး အင်အားစုက ဆိုထားပါတယ်။ စစ်အုပ်စုဖက်က ထိခိုက်သေဆုံးမှုနဲ့ ပက်သက်ပြီး DNA က သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

“အနည်းဆုံးတော့ အိမ်ခြေ ၂၀ လောက်တော့ မီးထဲပါမယ်ထင်တယ် ။ရွာထဲဝင်မရသေးတော့အခြေနေမသိရသေးဘူး။အခုတော့ စစ်ကြောင်းကရွာထဲကထွက်သွားပြီး စစ်ကြောင်းက ဒီဖက်ကို သက်သက်မဲ့ကို လာမီးရှို့နေတာပါ ” လို့ ဒေသခံတဦးကပြောပါတယ်။

စစ်ကောင်စီဟာ အခုလအတွင်း မန္တလေးနဲ့ စစ်ကိုင်းတိုင်းအစပ် မြို့နယ်တွေဖြစ်တဲ့ မတ္တရာ ၊ မြောင်၊ ရွှေဘို ၊ မြင်းမူ၊စစ်ကိုင်း၊ ဝက်လက်နဲ့ မင်းကွန်းဒေသတွေက ဧရာဝတီမြစ်ကြောင်းတလျှောက်ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့မှုတွေ ဆက်တိုက်လုပ်နေတာပါ။

တော်လှန်ရေး အင်အားစုတွေက မတ္တရာနယ်မှာ စစ်ကောင်စီတပ်တွေကို မိုင်းစွဲတိုက်ခိုက်တာတွေအပြင် လက်နက်နဲ့ အပြန်အလှန်ပစ်ခတ်တာတွေပါ လုပ်လာနိုင်တဲ့အတွက် စစ်အုပ်စုက စစ်ကြောင်းထိုးဖိနေတယ်လို့ ဒေသခံ တဦးကပြောပါတယ်။

စစ်အုပ်စုက စစ်ကြောင်းထိုးမီးရှို့နေတာကြောင့်စစ်ကိုင်းတိုင်းနဲ့မန္တလေးတိုင်းဆုံရာမတ္တရာမြို့အနောက်ဖက်ဧရာဝတီမြစ်ကြောင်း တလျှောက်ရှိကျေးရွာ ၂၀ ကျော်လောက်က ဒေသခံတွေ စစ်ရှောင်နေရတယ်လို့ မတ္တရာမြို့ဒေသခံ တဦးက ပြောပါတယ်။

စစ်တပ်အာဏသိမ်းပြီး ၂ နှစ်ကျော်အတွင်း စစ်အုပ်စုက ဘာသာရေးအဆောက်အအုံအပါအဝင်နေအိမ်ပေါင်း ၆ သောင်းကျော်လောက် မီးရှို့ဖျက်ဆီးခံထားရပြီး အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက ၄၇၀၀၀ ကျော်နဲ့အများဆုံးဖြစ်တယ်လို့ Data For Myanmar ကထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – ဝက်လက်သတင်းအချက်အဖွဲ့