ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါဟာ ယူကရိန်း နိုင်ငံကို ရုတ်တရက် သွားရောက်ပြီး သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံခဲ့ပါတယ်။
ကီရှီဒါရဲ့ ကိယက်ဗ်မြို့ ခရီးစဉ်ဟာ ရုရှားရဲ့ ကျူးကျော်စစ်ပွဲမှာ ယူကရိန်းနဲ့အတူ ဂျပန်က တသားတည်း ရပ်တည်ကြောင်း ပြသတဲ့ သင်္ကေတ တခုလို့ ဂျပန် အစိုးရက ကြေညာပါတယ်။ ကီရှီဒါဟာ မတ် ၂၁ ရက် နေ့လယ်ပိုင်းက ကိယက်ဗ်ကို ရောက်ရှိခဲ့ပါတယ်။ သူဟာ ကိယက်ဗ် မြောက်ပိုင်းမှာ တည်ရှိပြီး ရုရှားတပ်တွေရဲ့ ဆိုးယုတ်တဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ရာ နေရာ ဘူချာမြို့ကိုလည်း သွားရောက်ခဲ့ပါသေးတယ်။
ယူကရိန်း နိုင်ငံခြားရေး ဒုတိယဝန်ကြီး အီမင်း ဒက်ဇ်ဟက်ပါက ဂျပန် ဝန်ကြီးချုပ်ကို ကြိုဆိုခွင့် ရတဲ့အတွက် ယူကရိန်း အစိုးရက ပျော်ရွှင်မိကြောင်း ပြောပါတယ်။ အခု သမိုင်းဝင် ခရီးစဉ်ဟာ ဂျပန်နဲ့ ယူကရိန်းကြားက ခိုင်မာတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ပိုမို အားကောင်းလာစေမယ်လို့လည်း သူက ဆိုပါတယ်။
ဂျပန်ဟာ ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း ပဋိပက္ခတွေကို ရှောင်တဲ့ မူဝါဒမျိုးကို အတတ်နိုင်ဆုံး ကျင့်သုံးခဲ့ပေမယ့် ကီရှီဒါဟာ အဲဒီ ကာလတလျှောက် ပထမဆုံးသော ဂျပန် ဝန်ကြီးချုပ် အနေနဲ့ စစ်မက်ဖြစ်ပွားရာ နိုင်ငံတခုဆီ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ အရှေ့အာရှ ဒေသတွင်းမှာ အမေရိကန်ရဲ့ မဟာမိတ် နိုင်ငံတွေထဲက ခေါင်းဆောင် တဦး အနေနဲ့ စစ်ပွဲကာလတလျှောက် ကိယက်ဗ်ကို ရောက်ရှိလာတာလည်း ကီရှီဒါက ပထမဆုံးပါပဲ။
ဇီလန်စကီးက ကီရှီဒါဟာ နိုင်ငံတကာ တည်ငြိမ်အေးချမ်းရေးအတွက် အားကောင်းတဲ့ ကာကွယ် စောင့်ရှောက်သူ တဦး၊ ယူကရိန်းရဲ့ မိတ်ဆွေကောင်း တဦးလို့ ပြောကြားခဲ့ပါတယ်။
ကီရှီဒါရဲ့ ကိယက်ဗ် ခရီးစဉ်ဟာ ဂျပန်ရဲ့ ပြိုင်ဘက် တရုတ်နိုင်ငံရဲ့ သမ္မတ ရှီကျင့်ဖျင်က ရုရှားနိုင်ငံကို အလည်အပတ် ရောက်ရှိနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ တနည်းအားဖြင့် အရှေ့အာရှ ပြိုင်ဘက် နှစ်နိုင်ငံရဲ့ ခေါင်းဆောင်တွေဟာ စစ်မက်ဖြစ်ပွားနေရာ နိုင်ငံနှစ်ခုကို တပြိုင်တည်း သွားရောက်ကြတဲ့ သဘောပါပဲ။
ယူကရိန်း ခရီးစဉ် အတောအတွင်း ကီရှီဒါက ယူကရိန်းကို မယိမ်းမယိုင် ဆက်လက် ထောက်ခံ အားပေး ကူညီနေပြီး ရုရှားရဲ့ ရန်လို ကျူးကျော်မှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။
ဂျပန်ဟာ စစ်ပွဲ တစ်နှစ်ပြည့် ကာလတုန်းက ယူကရိန်းနိုင်ငံအတွက် လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ ဒေါ်လာ ၅.၅ ဘီလီယံဖိုးထိ ပေးပို့သွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၁ နှစ်တာအတွင်း ဂျပန်က ယူကရိန်းကို ပံ့ပိုးခဲ့တာတွေထက် ၄ ဆထိ ပိုများတဲ့ ပမာဏလို့လည်း သိရပါတယ်။
Ref: CNN