ငလျင်ကြောင့် ပါကစ္စတန်နဲ့ အာဖဂန်မှာ ဒေသခံတွေ အလန့်တကြား အိမ်အပြင်ထွက်ပြေး

မတ်၊ ၂၂

အင်အား ပြင်းထန်တဲ့ ငလျင်တခု လှုပ်ခတ်မှုကြောင့် အာဖဂန် နစ္စတန်နဲ့ ပါကစ္စတန် နိုင်ငံတွေမှာ ဒေသခံတွေ အထိတ်တလန့် အိမ်အပြင် ထွက်ပြေးခဲ့ကြရပါတယ်။

မတ် ၂၁ ရက် ညပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ အာဖဂန်နဲ့ ပါကစ္စတန် နိုင်ငံတွေ အနှံ့မှာ သက်ရောက် ခံစားခဲ့ရပြီး အိန္ဒိယနိုင်ငံရဲ့ အစိတ်အပိုင်း တချို့ကပါ ခံစား သိရှိရပါတယ်။ အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီက အဲဒီ ငလျင်ဟာ ရစ်ချ်တာစကေး ၆.၅ အဆင့်ထိ ပြင်းထန်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

 ငလျင်က အတော်ကြမ်းတမ်းကြောင်း၊ ဘဝမှာ အဲဒီလောက် ခပ်ကြမ်းကြမ်းလှုပ်တဲ့ ငလျင်မျိုး မကြုံဖူးသေးကြောင်း အာဖဂန်ရဲ့ မြို့တော် ကဘူးလ်မှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် အမျိုးသား တဦးက ပြောပါတယ်။ ငလျင်ဟာ စက္ကန့် ၃၀ လောက် ကြာတဲ့ထိ ခပ်ကြမ်းကြမ်း လှုပ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ငလျင်ရဲ့ ဗဟိုချက်ဟာ အာဖဂန် အရှေ့မြောက်ပိုင်းက ဂျမ်းဒေသနားမှာဖြစ်ပြီး မြေအနက် ၁၈၇ ကီလိုမီတာကို ဦးတည်ခဲ့ကြောင်း အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြေအနက်ပိုင်းကို ဗဟိုပြုခဲ့တဲ့ အတွက်ကြောင့်လည်း မြေပေါ်မှာ ထိခိုက် သက်ရောက်မှု သိပ်မပြင်းခဲ့တာပါ။

ပါကစ္စတန်မှာလည်း မြို့ရွာ တော်တော်များများက ဒေသခံတွေဟာ ဖိနပ်တောင် မစီးနိုင်ဘဲ လမ်းပေါ်ကို အထိတ်တလန့် ထွက်ပြေးခဲ့ကြရပါတယ်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုနဲ့ အသေအပျောက် အခြေအနေတွေကိုတော့ တိတိကျကျ မသိရသေးပါဘူး။ အာဖဂန်က လန်မန်း ဒေသမှာတော့ တဲအိမ်ပြိုကျရာက ကလေး ၁ ဦး အပါအဝင် စုစုပေါင်း ၂ ဦး သေဆုံးတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။

ပါကစ္စတန်က ပက်ခ်တွန်ဝါ ဒေသအနှံ့ ဆေးရုံတွေမှာ ငလျင်ကြောင့် အသေးစား ထိခိုက်မိသူ ၁၈၀ ထက်မနည်း တက်ရောက် ကုသမှု ခံယူခဲ့ရပေမယ့် ဒဏ်ရာ ပြင်းထန်သူတွေတော့ မပါဝင်ခဲ့ဘူးလို့ ဆိုပါတယ်။

မကြာသေးခင်က တူရကီနဲ့ ဆီးရီးယားတို့မှာ အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်ပြီး ထိခိုက်သေကြေမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်ထားတဲ့ အခြေအနေကြောင့်လည်း အခုငလျင် လှုပ်ခတ်ချိန်မှာ လူတွေ ပိုပြီး အထိတ်တလန့် ဖြစ်ကြရပါတယ်။ ဖေဖော်ဝါရီ ၆ ရက်က ရစ်ချ်တာစကေး ၇.၈ အဆင့် ငလျင်ကြီးကြောင့် တူရကီ တောင်ပိုင်းနဲ့ ဆီးရီးယားမြောက်ပိုင်း ဒေသတွေမှာ စုစုပေါင်း လူ ၅ သောင်းခွဲကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။ 

Ref: Al Jazeera