ဘာစီလိုနာ အဝတ်လဲခန်းထဲ သွားရောက်ခဲ့တဲ့ အူဘာမီယန်းကို ထုတ်ပယ်ဖို့ ချဲလ်ဆီး စဉ်းစားနေ

မတ်၊ ၂၂

ဘာစီလိုနာ အသင်းရဲ့ အဝတ်လဲခန်းထဲထိ သွားရောက် လည်ပတ်ခဲ့တယ်ဆိုတဲ့ အခြေအနေအပြီး တိုက်စစ်မှူး ပီယေး အမ်းမရစ်ခ် အူဘာမီယန်းကို ထုတ်ပယ်ဖို့ ချဲလ်ဆီး အသင်းက စဉ်းစားနေကြောင်း သိရပါတယ်။

အသက် ၃၃ နှစ်အရွယ် အူဘာမီယန်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က သူ့ရဲ့ အသင်းဟောင်း ဘာစီလိုနာက ခါးသီးပြိုင်ဘက် ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ယှဉ်ပြိုင်တဲ့ ပွဲစဉ်ဆီ သွားရောက် အားပေးခဲ့ပါတယ်။ အဲဒီပွဲမှာ ဘာစီလိုနာ အနိုင်ရခဲ့တဲ့နောက် ဂါဘွန် လက်ရွေးစင် ကစားသမားဟာ အဝတ်လဲခန်းထဲထိ ရောက်ရှိသွားပြီး အသင်းဖော်ဟောင်းတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ 

အူဘာမီယန်းဟာ လောလောဆယ်မှာ ချဲလ်ဆီး အသင်းနဲ့ ပြဿနာတက်ပြီး ပွဲကစားခွင့် ပျောက်ဆုံးနေပါတယ်။ ဒါ့အပြင် ရာသီဝက်လောက်မှာတုန်းက သူဟာ အိမ်လို့ သတ်မှတ်ထားရာ ဘာစီလိုနာ အသင်းဆီ ပြန်သွားချင်တယ်လို့ ထုတ်ပြောခဲ့ဖူးပါတယ်။ 

အသင်းနဲ့ ပရော်ဖက်ရှင်နယ် စာချုပ်ထားတဲ့ ကစားသမားဟာ အခုလိုမျိုး တခြား ကလပ်တခုရဲ့ အဝတ်လဲခန်းထဲထိ ရောက်သွားတယ် ဆိုတာက လွန်ကဲတဲ့ အပြုအမူလို့ ချဲလ်ဆီးဖက်က ယူဆနေပြီး အူဘာမီယန်းရဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ထိ စဉ်းစားလာခဲ့တာပါ။

အူဘာမီယန်းဟာ ချဲလ်ဆီးကို ပြောင်းရွှေ့လာပြီး ကတည်းက အခုရာသီ တလျှောက်လုံး ပြိုင်ပွဲပေါင်းစုံမှာ စုစုပေါင်း ၁၈ ပွဲသာ ကစားခွင့် ရခဲ့ပါတယ်။ သူ့ကို ရာသီဝက်မှာ ချဲလ်ဆီး အသင်းက ဥရောပ ချန်ပီယံလိဂ် လူစာရင်းကနေ ဖယ်ထုတ်ခဲ့သလို နောက်ဆုံး ပရီးမီးယားလိဂ် ပွဲစဉ်နှစ်ခုမှာဆိုရင် အရန်လူ စာရင်းကတောင် ပါဝင်ခွင့် မရတော့ပါဘူး။

တကယ်လို့ ချဲလ်ဆီးကသာ စာချုပ် ဖျက်သိမ်းခဲ့ပြီး ကစားသမားက လုပ်ခလစာ လျှော့ပေါ့ယူဖို့ သဘောတူခဲ့ရင် ဘာစီလိုနာက အူဘာမီယန်ကို နောက်တကြိမ် ပြန်လည် ခေါ်ယူဖွယ် ရှိတယ်ဆိုတဲ့ ခန့်မှန်းမှုတွေလည်း ထွက်ပေါ်နေပါတယ်။

Ref: Goal