မုံရွာမြို့က ပေါ်ဦးရွှေဆိုင်ဓားပြတိုက်ခံရ

မတ်၊​ ၂၁

စစ်ကိုင်းတိုင်း၊မုံရွာမြို့၊အောင်မင်္ဂလာရပ်ကွက်၊ဗိုလ်ချုပ်လမ်းမကြီးပေါ်မှာရှိတဲ့ ပေါ်ဦးရွှေဆိုင်ကို ဒီကနေ့ နေ့ လယ်ပိုင်းမှာ လက်နက်ကိုင်တစုက ဓားပြဝင်တိုက်ပြီး ရွှေထည်ပစ္စည်းအများအပြားယူသွားတယ်လို့ အဲ့ဒီရပ် ကွက်မှာနေထိုင်တဲ့မြို့ခံတဦးက DNA ကိုပြောပါတယ်။

 အိမ်စီးကား Mark II တစီးအပြင် ဆိုင်ကယ်ငါးစီးနဲ့ လိုက်ပါလာသူတွေလည်းပါဝင်တဲ့ လက်နက်ကိုင်လူတစုဟာ ဒီကနေ့ နေ့လယ် တနာရီဝန်းကျင်က ပေါ်ဦးရွှေဆိုင်ထဲ ဝင်လာပြီး ဆိုင်အတွင်းခင်းကျင်းထားတဲ့ ရွှေထည်တွေကို ဓားပြတိုက်ယူသွားတာလို့ ဆိုပါတယ်။

 “ကားကနံပတ်ပြားမပါဘူး၊ကားထဲကလူတွေက ဆိုင်ထဲဝင်သွားပြီးသိပ်မကြာဘူးပြန်ထွက်လာတယ်၊ ဆိုင်ကယ် ပေါ်က လူတွေကလည်း သေနတ်‌တွေပါတယ်၊အခြေအနေစောင့်ကြည့်ပေးတဲ့ သဘောနဲ့ အပြင်ကနေ စောင့်ကြည့် ပေးနေတာ သူတို့ပစ္စည်းတွေ ယူပြီး ပြန်ထွက်သွားမှ(ဒေသခံတွေက) ဆိုင်ထဲဝင်ကြည့်ကြရတာ လူကိုတော့ ဘာမှ လုပ်မသွားဘူး”လို့ အောင်မင်္ဂလာရပ်ကွက်မှာနေထိုင်သူတဦးကပြောပါတယ်။

 အိမ်စီးကားပေါ်က ဆင်းလာပြီး ဆိုင်အတွင်းဝင်ရောက်ဓားပြတိုက်သူတွေဟာ လက်နက်ကိုင်ထားတဲ့ လူလတ်ပိုင်း အမျိုးသားငါးဦးပါဝင်တယ်လို့ သိရပါတယ်။အခုလို ဓားပြတိုက်ခံရတာကြောင့် ရွှေထည်ပစ္စည်းအများအပြားဆုံးရှုံး တယ်လို့သာသိရပြီး ဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးပါဘူး။

ပေါ်ဦးရွှေဆိုင်ဟာ ၂၀၁၃ခုနှစ်အတွင်းကလည်း ဖောက်ထွင်းခံရပြီး အဲ့ဒီအချိန်က ကာလပေါက်ဈေး သိန်းငါးရာဝန်း ကျင်တန်ဖိုးရှိတဲ့ ရွှေထည် ခုနစ်ဆယ်ကျပ်သားဝန်းကျင် ဆုံးရှုံးခဲ့ပါသေးတယ်။

 လတ်တလောရက်ပိုင်းအတွင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင် မုံရွာကို လာရောက်တာကြောင့် မုံရွာမြို့တွင်းမှာ လုံခြုံရေးတင်းကျပ်ထားတာဖြစ်ပြီး ခရီးစဉ်အပြီးနောက်တရက်မှာ အခုလို ဓားပြတိုက်မှုဖြစ်ခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မုံရွာမှာ လုယက်၊ဓားပြတိုက်မှုတွေမကြာခဏဖြစ်လေ့ရှိပြီး ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် စက် တင်ဘာလအတွင်းကလည်း မုံရွာဘုရားကြီးရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ တရုတ်တန်းလမ်းထောင့်က သိန်းတရာရွှေဆိုင်ဓားပြတိုက်ခံခဲ့ရပါသေးတယ်။

အဲ့ဒီဖြစ်စဉ်မှာတော့ ရွှေဆယ်ပိဿာဝန်းကျင် တန်ဖိုး သိန်းသုံးသောင်းကျော်လောက် ဆုံးရှုံးခဲ့တယ်လို့ ရွှေဆိုင် ဘက်က ပြောပါတယ်။

အခုနှစ် ဇန်နဝါရီ ၂၁ရက်ကလည်း မုံရွာမြို့ပေါ်၊အောင်ချမ်းသာရပ်ကွက်၊ဗဟိုလမ်းက ကုန်စုံဆိုင်တဆိုင် ညအချိန် ဓားပြတိုက်ခံရပြီး ဆိုင်ပိုင်ရှင် ဇနီးမောင်နှံနှစ်ဦး ဓားခုတ်ခံရကာ အမျိုးသားဖြစ်သူက သေဆုံးခဲ့ပါတယ်။


ဓာတ်ပုံ – CJ