သာကေတနဲ့စမ်းချောင်းမှာ ပစ်ခတ်မှုတွေဖြစ်ပြီးနောက် စစ်ကောင်စီက ပိုက်စိပ်တိုက်ရှာဖွေစစ်ဆေးနေ

မတ်၊ ၂၁

ရန်ကုန်မြို့ ၊သာကေတမြို့နယ် အမှတ် ၂ ရဲစခန်းကရဲတွေပစ်ခတ်ခံရမှုနဲ့ စမ်းချောင်းမြို့နယ်၊ဆီဆုံလမ်းက ပစ်ခတ်သတ်ဖြတ်ခံရမှုတွေဖြစ်ပြီးနောက် စစ်ကောင်စီက ပိုက်စိပ်တိုက်ရှာဖွေစစ်ဆေးမှုတွေလုပ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက DNAကိုပြောပါတယ်။

စစ်ကောင်စီဘက်က အခုလိုပိုက်စိပ်တိုက်ရှာဖွေတာကို သာကေတအမှတ် (၂)ရဲစခန်းက နယ်ထိန်းအ ပါအဝင် ရဲသုံးဦး ပစ်ခတ်ခံရတဲ့ မတ်လ (၁၇)ရက်ကတည်းက  လုပ်နေတာဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

“စဖြစ်တဲ့နေ့ကဆိုရင် သာကေတရဲ့ တကယ့်ဝင် လမ်း၊ထွက်လမ်းတွေကို ပိတ်လိုက်တာ၊အဲ့နေ့က တည်းက တကယ့်ကိုစစ်နေတာ၊အခုလည်း ကမာကြည့်တံတားပေါ်မှာစစ်နေတာ၊အစစ်ဆေးကတော့ကြမ်းတယ်”လို့ သာကေတ (၁၀)ရပ်ကွက်နေဒေသခံတဦးကပြောပါတယ်။

ရဲသုံးဦးပစ်ခတ်ခံရပြီးနောက် သုံးရက်အကြာ မတ် လ ၂၀ရက်မှာတော့ စမ်းချောင်းမြို့နယ်၊ဆီဆုံလမ်းအတွင်းမှာ ဒုဗိုလ်မှူးကြီးရဲ့သားဖြစ်သူတဲ့မိသားစုဝင်အမျိုးသမီးတဦးတို့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

အခုလိုပစ်ခတ်သတ်ဖြတ်ခံရပြီးနောက်မှာ စစ်ကောင်စီတပ်ဘက်က မြို့တွင်းလုံခြုံရေးနဲ့ ပိတ်ဆို့စစ်ဆေးတာတွေကို အရင်ကထက်ပိုမိုလုပ်ဆောင်လာတယ်လို့စမ်းချောင်းမြို့နယ်ဒေသခံတွေကပြောပါတယ်။

“ဝင့်မိုးအောင်အပစ်ခံရပြီးနောက်မှာ ကျွန်တော်တို့ဆီမှာတော်တော်ကို အစစ်အဆေးကြမ်းနေတာ၊ဝင့်မိုးအောင်တို့အိမ်ကိုလည်း အခုလက်ရှိမှာ စစ်ကားတစီးနဲ့စစ်သားသုံးယောက်လောက်က ကင်းလာစောင့်ပေးနေတယ်”လို့ စမ်းချောင်းမြို့နယ်နေ ဒေသ ခံတဦးကပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုတွေအတွင်း သာကေတက ရဲသုံးဦးလုံးသေဆုံးခဲ့သလို ဆီဆုံလမ်းပစ်ခတ်မှုမှာတော့ဒုဗိုလ်မှူးကြီးရဲ့သားဖြစ်သူသေဆုံးကာ မိသားစုဝင်အမျိုးသမီးတဦးပြင်းထန်ဒဏ်ရာသွားတယ်လို့သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေက ရန်ကုန်မြို့ရဲ့အဓိကလမ်းမကြီးတွေမှာ တားဆီးစစ်ဆေးမှုတွေကိုလုပ်နေသလို မြို့နယ်တချို့ရဲ့ရပ်ကွက်တွေအတွင်းမှာလည်း DCကားတွေနဲ့ ကင်းလှည့်တာတွေလုပ်နေတယ်လို့ ဆိုပါတယ်။

အရင်က ရပ်ကွက်အုပ်ချုပ်ရေးပိုင်းနဲ့ စစ်တပ် သ တင်းပေး၊ဒလန်အဖြစ်သတ်မှတ်ခံရသူတွေ ပစ်ခတ်သတ်ဖြတ်ခံရမှုတွေမှာ စစ်ကောင်စီဘက်က လုံခြုံ ရေးပေးတာ၊ကင်းစောင့်ပေးတာမျိုးမရှိခဲ့ပေမယ့် လက်ရှိမှာတော့ သေဆုံးခဲ့တဲ့ ဝင့်မိုးအောင်ရဲ့နေအိမ်ကို လုံခြုံရေးပေးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီဘက်က ရန်ကုန်မှာအခုလိုလုုံခြံရေးတိုးမြှင့်ပြီး ပိုက်စိပ်တိုက်ရှာဖွေ၊စစ်ဆေးတာတွေလုပ်နေတာဟာ ပစ်ခတ်သတ်ဖြတ်ခံရသူတွေဟာ လက်ရှိစစ်ကောင်စီလက်အောက်ခံ ရဲဝန်ထမ်းတွေနဲ့စစ်တပ်မိသားစုဝင်တွေဖြစ်နေတာကြောင့်ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ပြောဆိုမှုတွေရှိနေပါတယ်။

ဓာတ်ပုံ – AFP

ပုံစာ – ရန်ကုန်မြို့အတွင်းမှာ တွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)