ပုလဲနယ်က ပျူရွာတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုလုပ်

မတ်၊ ၂၁

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ် မြောက်ပိုင်းကစစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့တွေအခြေပြုတဲ့ ဇီးဖြူကုန်းရွာကို ဒီကနေ့ မတ်လ ၂၁ရက် မနက်အစောပိုင်းမှာ ကာကွယ်ရေးတပ်တွေကသွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့တုံ့ပြန်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ပုလဲမြို့နယ်ဇီးဖြူကုန်းကျေးရွာမှာဒီကနေ့မနက်​လေးနာရီကဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့စစ်ကောင်စီတပ်တွေပျူစောထီးတွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မနက်ရှစ်နာရီအချိန်မှာစစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်ခဲ့တာလို့ ပုလဲနယ်အခြေ စိုက် ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ကရဲဘော်ပေက DNA ကိုပြောပါတယ်။

“ပျူရွာကိုလက်နက်ကြီးတွေနဲ့သွားပစ်တယ်၊ အပြန် အလှန်ပစ်ခတ်ကြတာပေါ့၊အဲ့ဒီမှာရှစ်နာရီလောက် ကျတော့သူတို့ဘက်ကလေကြောင်းပစ်ကူခေါ်တာ၊ကိုယ့်ဘက်ကလေးယောက်ကျတယ်ကြားတယ်၊အတိအကျတော့မသိရသေးဘူး လို့” သူကပြောပါတယ်။

ဇီးဖြူကုန်းကျေးရွာဟာ စစ်ကောင်စီတပ်တွေမကြာမကြာ စစ်ကြောင်းထိုးမီးရှို့လေ့ရှိတဲ့  မင်းတိုင်ပင်ကျေးရွာအနောက်ဘက်နှစ် မိုင်အကွာလောက်မှာရှိပြီးစစ်ကောင်စီတပ်တွေနဲ့ပျူစောထီးတွေသီးခြားနေထိုင်တဲ့ကျေးရွာတခုဖြစ်တယ်လို့လည်း ရဲဘော်ပေက ပြောပါတယ်။

ဒီကနေ့ဖြစ်ခဲ့တဲ့ ပိူစောထီးရွာတိုက်ခိုက်ခံရမှုနဲ့ စစ်အုပ်စုဘက်က လေကြောင်းတိုက်ခိုက်မှုတွေအတွင်း နှစ်ဘက် ထိခိုက်ကျဆုံးမှုအခြေအနေကိုအသေး စိတ်မသိရသေးပါဘူး။

စစ်ကောင်စီတပ်တွေနဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထိတွေ့တိုက်ပွဲဖြစ်ပွားနေတာကြောင့်အနီးဝန်း ကျင်ကျေးရွာတွေကဒေသခံလေးထောင်ဝန်းကျင်စစ်ရှောင်နေရတယ်လို့လည်းသိရပါတယ်။

“သူတို့(​ဒေသခံတွေ)ကဘာမှပြောမရဘူးဖြစ်တုန်းခဏသာစစ်ရှောင်ကြတာ၊ပြီးရင်ပြန်ဝင်သွားတာမဝင်နဲ့ပြောလည်းရချင်မှရတာခဏဆိုရင်တော့ဘာအခက်ခဲမှမရှိနိုင်ဘူး “လို့ ရဲဘော်ပေကပြောပါတယ်။

လက်ရှိမှာ တိုက်ပွဲ ဖြစ်ခဲ့တဲ့ ဇီးဖြူကုန်းရွာတဝိုက်ကအိုင်းမ၊ သပြေအေး၊နှောရိုး နဲ့ ချောင်းနားကျေးရွာ အနီးပတ်ဝန်းကျင်ကဒေသခံတွေစစ်ရှောင်နေရတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်တွေကဇီးဖြူကုန်းကျေးရွာကိုပျူရွာအဖြစ်အခြေစိုက်ထားတာကြောင့် စစ်ကောင်စီကိုဆန့်ကျင်တဲ့ဒေသခံပြည်သူတွေဟာ အရင်ကတည်းကနီးစပ်ရာကျေးရွာတွေကိုထွက်ပြေးတိမ်းရှောင်နေကြတယ်လို့လည်းသိရပါတယ်။ 

တိမ်းရှောင်​နေရသူတွေထဲ ဇီးဖြူကုန်းကျေးရွာက အိမ်ထောင်စု (၈၀) လူဦးရေလေးရာဝန်းကျင်ပါဝင်ပြီး နေအိမ်နဲ့ပိုင်ဆိုင်မှုတွေ စွန့်လွှတ်ခဲ့ရတာကြောင့် ကြုံရာကျပန်းလုပ်ကိုင်စားသောက်နေရတယ်လို့လည်းသိရပါတယ်။

ဇီးဖြူကုန်းရွာက ထွက်ပြေးလာတဲ့ဒေသခံတွေကျန်ခဲ့တဲ့ နေအိမ်နဲ့အသုံးအဆောင်တွေကိုတော့ စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေက သိမ်းယူတာ၊ မီးရှို့ဖျက်ဆီးတာတွေလုပ်လိုက်ကြတယ်လို့ဆိုပါတယ်။


ဓာတ်ပုံ – ကျားသစ်နက်တပ်ဖွဲ့

ပုံစာ – ပုလဲနယ်အခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့