ယူကရိန်းကို လက်နက်ကြီးကျည် တစ်သန်းကျော် ထောက်ပံ့ဖို့ EU နိုင်ငံတွေ သဘောတူ

မတ်၊ ၂၁

ယူကရိန်းအတွက် လက်နက်ကြီး ကျည်ဆန် တစ်သန်းကျော် ထောက်ပံ့ ပေးပို့ဖို့ ဥရောပ သမဂ္ဂ (EU)အဖွဲ့ဝင် နိုင်ငံတွေက စုပေါင်း သဘောတူညီခဲ့ကြပါတယ်။

 လာမယ့်နှစ်အထိ ကာလအတွင်း ယူကရိန်းအတွက် လက်နက်ကြီးကျည် အနည်းဆုံး အရေအတွက် တစ်သန်းလောက် စုပေါင်း ပို့ဆောင်သွားဖို့ EU အဖွဲ့ဝင် တစ်ဒါဇင်ကျော်က ကတိပြုခဲ့ကြပါတယ်။ ရုရှားရဲ့ ကျူးကျော်စစ် အရှိန်တန့်နေအောင် ဟန့်တားဖို့နဲ့ ဒီနှစ်ထဲမှာ တန်ပြန်ထိုးစစ် စတင်နိုင်ဖို့အတွက် တစ်လကို လက်နက်ကြီးကျည်ဆန် သုံးသိန်းခွဲလောက် အသုံးပြုဖို့ လိုအပ်ကြောင်း ယူကရိန်း အစိုးရက EUကို အသိပေး တောင်းဆိုထားပါတယ်။

 အခုလို လက်နက်ကြီး ကျည်တွေ ထောက်ပံ့မယ့် ကိစ္စဟာ EUက ယူကရိန်းကို ယူရို ၂ ဘီလီယံဖိုး စစ်လက်နက်တွေ ဖြည့်တင်းပေးမယ့် အစီအစဉ်ရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။

 ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး ဒီမစ်ထရို ကူလီဘာကတော့ EUရဲ့ ဆုံးဖြတ်ချက်ဟာ အပြောင်းအလဲတွေ ကြီးကြီးမားမား ဖန်တီးနိုင်မယ့် အခြေအနေ တခုလို့ ညွှန်းဆိုသွားပါတယ်။ ပြီးတော့ ယူကရိန်းအတွက် အမှန်တကယ် လိုအပ်နေတဲ့ ကိစ္စလည်း ဖြစ်တယ်လို့ ကူလီဘာက ပြောပါတယ်။

 လက်ရှိ တိုက်ပွဲတွေ ပြင်းထန်နေရာ ယူကရိန်း အရှေ့ပိုင်း ဘက်ခ်မတ်မြို့နား၊ ဒါမှမဟုတ် ယူကရိန်း တောင်ပိုင်းမှာ အားကောင်းတဲ့ တန်ပြန်ထိုးစစ်တခု ကြုံလာရနိုင်ကြောင်း ရုရှားက တွေးတော စိုးရိမ်နေချိန်မှာ EUက ယူကရိန်းကို လက်နက်ကြီးကျည်တွေ ထောက်ပံ့မယ့်ကိစ္စ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

 EU အဖွဲ့ဝင် မဟုတ်သေးတဲ့ နော်ဝေးဟာ EU အဖွဲ့ဝင် ၁၇ နိုင်ငံနဲ့အတူ ပူးပေါင်းပြီး ယူကရိန်းအတွက် လက်နက်ကြီး ကျည်ဆန်တွေ အမြောက်အမြား ထုတ်လုပ် ပို့ဆောင်ဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ ဒီသဘောတူညီမှုရဲ့ ပထမအဆင့်အဖြစ် EU နိုင်ငံတွေရဲ့ လက်ရှိ ဝယ်ယူသိုလှောင်ထားတဲ့ စစ်လက်နက်တွေကို ယူကရိန်းဆီ လွှဲပေးအောင် ညှိနှိုင်းဖို့ ယူရို ၁ ဘီလီယံ အသုံးပြုမှာပါ။ ဒုတိယ အဆင့်မှာတော့ ယူကရိန်းအတွက် ၁၅၅ မမ လက်နက်ကြီး ကျည်ဆန်တွေ အလုံးအရင်း ထုတ်လုပ်ဖို့ ယူရို ၁ ဘီလီယံဖိုး မှာယူပေးသွားပါမယ်။

 အခု အစီအစဉ်ကြောင့် EU အဖွဲ့ဝင် နိုင်ငံတွေရဲ့ ကာကွယ်ရေး နည်းပညာ လုပ်ငန်းတွေ အတွက်လည်း အကျိုးအမြတ် ဖြစ်ထွန်းစေမယ်လို့ EUက ယူဆနေပါတယ်။ စစ်ရေး သုတေသီတွေက လက်ရှိ EUရဲ့ စစ်လက်နက် ထုတ်လုပ်နိုင်စွမ်းဟာ ယူကရိန်း စစ်ပွဲရဲ့ လိုအပ်ချက်နဲ့ယှဉ်ရင် နှေးကွေးနေသေးတယ်လို့ ဝေဖန် သုံးသပ်ခဲ့ပြီးနောက်ပိုင်း အခုလို လက်နက်ကြီး ကျည်ဆန်တွေ အများအပြား ထုတ်လုပ်ပြီး ထောက်ပံ့မယ့်ကိစ္စကို အပူတပြင်း ညှိနှိုင်း ဆောင်ရွက်လာခဲ့တာလည်း ဖြစ်ပါတယ်။