လောင်းလုံးမြို့မှာ စစ်ကောင်စီက အရပ်သားတွေကို ဖမ်းဆီးပြီး နေအိမ် နှစ်ဆယ်ကျော်မီးရှို့

မတ် ၊ ၂၀

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ သပြေရှောင်ကျေးရွာနဲ့အနီးပတ်ဝန်းကျင်ကျေးရွာတွေဘက်ကို ဒီကနေ့ မနက် ငါးနာရီကျော်ခန့်က  စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အင်အား ၅၀ ကျော် စစ်ကြောင်းထိုးဝင်ရောက်လာပြီး အရပ်သားတွေကို  ဖမ်းဆီးသွားပြီးနေအိမ်အလုံး ၂၀ ကျော်ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

“သူတို့က မနေ့ကတည်းက ရွာဘေးဘက်ကို စစ်ကြောင်းထိုးလာတာ။ နယ်မြေရှင်းလင်းတဲ့ပုံစံ။ ဘဲအင်းရွာဘက်မှာ အဲဒီမှာလည်း အရပ်သား ၂ ဦးလောက်ဖမ်းခံရတယ်။ မနက်အစောပိုင်းကျတော့ သပြေရှောင်ရွာဘက်ကို ထပ်ဝင်လာတယ်။သူတို့ဝင်လာတာ မနေ့ကတည်းက ကြိုသိနေတာဆိုတော့ တချို့ဆို ထွက်ပြေးတဲ့သူက ထွက်ပြေး၊ တချို့ဆို မပြေးကြဘူး၊ ပုန်းနေကြတာပေါ့။ အဲဒါ သူတို့ တွေ့တဲ့လူကို ဘာမှ မပြောဘူး၊ ၁၀ ဦးကျော်လောက်ရှိတယ်။ ဖမ်းလိုက်တာပဲ။ အလုပ်သမားတွေ ယာယီနေတဲ့ တဲတွေ၊ အိမ်တွေလည်း မီးရှို့လိုက်တယ်၊” ဟု ၎င်းကပြောပါတယ်။

စစ်ကောင်စီကြောင်းဟာ တိုက်ပွဲဖြစ်ပွားတာမရှိပဲ နယ်မြေရှင်းလင်းတဲ့ပုံစံဝင်လာတဲ့အတွက် အချို့က ထွက်ပြေးပုန်းအောင်းကြသလို ထွေက်ပြေးလို့ကျန်ခဲ့တဲ့စက်ဘီး၊ ဆိုင်ကယ်တွေကိုယူသွားတယ်လို့လည်းဒေသခံတွေကပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အရပ်သားအရေအတွက်အတိအကျမသိရသေးပေမယ့် အများစုဟာ အသက် ၃၀ ကနေ ၄၀ ဝန်းကျင်အမျိုးသမီး၊ အမျိုးသားတွေ ဖြစ်ပြီး ဒေသခံတချို့ပါဝင်ကြသလို အခြားဒေသက ငါးဖမ်းလုပ်ငန်းလာရောက် လုပ်ကိုင်ကြတဲ့သူတွေလည်းပါဝင်တယ်လို့သိရပါတယ်။

သပြေရှောင်ကျေးရွာက ဒေသခံအများစုက တံငါလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး သူတို့က ထားဝယ်မြစ်ကမ်းစပ်နားမှာ ယာယီနေထိုင်ရန်အတွက် ဝါးလုံးတွေနဲ့ ဆောက်လုပ်ထားတဲ့ နေအိမ်တဲတွေကို  အဓိက မီးရှို့ဖျက်ဆီးသွားကြတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာ အင်အား (၅၀)ကျော်ရှိတဲ့ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေက သကျက်တော ကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး သေနတ်ပစ်ဖောက်တာတွေနဲ့ အရပ်သားတချို့ကိုလည်း ထပ်မံဖမ်းဆီးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“နေ့လည်လောက်ကျတော့ သကျက်တောဘက် ဝင်သွားတယ်။ သိရသလောက်ဆိုရင် အဲဒီရွာဘက်မှာလည်း သေနတ်တွေ ပစ်ပြီး ဝင်တာ၊ မသင်္ကာတဲ့လူတွေကိုလည်း လိုက်ဖမ်းတယ်။ တချို့အိမ်တွေကို ဝင်ရှာတယ်။မွှေနှောက်သွားတယ်။ဖမ်းခံရတာတော့ သေချာတယ်အကို။ ဘယ်နှစ်ဦးလည်းဆိုတာတော့ မသိရဘူးပေါ့နော်။အခုဆို ညနေတုန်းက သိရသလောက်ဆို သူတို့အဲဒီရွာကနေ မထွက်ရသေးဘူးပြောတယ်။” ဟု ၎င်းက ပြောပါတယ်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့တွေဖမ်းဆီးထားတဲ့ လောင်းလုံးမြို့နယ်က အရပ်သားတွေကို ရေလမ်းကနေတဆင့် စက်လှေတွေနဲ့ ထားဝယ်ရဲစခန်းကို ပို့ဆောင်ထားတယ်လို့ ဒေသခံတွေအကြားမှာ ပြောဆိုမှုတွေ ရှိနေပေမယ့် DNA အနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်း မရှိပါဘူး။

စစ်ကောင်စီတပ်ဖွဲ့တွေက ယခုလဒုတိယအပတ်ကတည်းက လောင်းလုံးမြို့နယ်ထဲကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းမှုတွေ လုပ်ဆောင်နေတာကြောင့် ကဒက်ကြီး၊ ကဒက်ငယ်၊ သပြေရှောင်၊ ဘဲအင်း၊ သကျက်တော ကျေးရွာတွေအပါအဝင် ကျေးရွာ ၁၀ ရွာထက်မနည်းက အရပ်သားရာနဲ့ချီက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေးအကူ အညီပေး နေတဲ့ ဒေသခံတဦးက ပြောပါတယ်။

“သူတို့က ဒီလဒုတိယအပတ်ကတည်းက စစ်ကြောင်းပိုထိုးလာတယ်။ တချို့နေရာတွေမှာတော့ တိုက်ပွဲဖြစ်တာရှိတယ်။ တချို့နေရာဆို တိုက်ပွဲမဖြစ်ဘူး။ နယ်မြေရှင်းလင်းဝင်လုပ်တာ။ အဲမှာ တွေ့တဲ့အတိုင်းပဲ၊ တွေ့တဲ့လူဖမ်း၊ နေအိမ်မီးရှို့၊  ရတဲ့ဟာယူဆိုတော့ ရွာသားတွေက ထွက်ပြေးရတာပေါ့။ အခုဆို ၁၀ ရွာကျော်လောက်ရှိတယ်။ရာနဲ့ချီပေါ့၊ စာရင်းက တိတိကျကျတော့ လိုက်ကောက်ဖို့ မလွယ်သေးဘူးလေ။ ဘေးလွတ်ရာကို ပြေးကြတာပေါ့။” ဟု ၎င်းက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေက တနင်္သာရီတိုင်းထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အားကောင်းတဲ့ မြို့နယ်တွေဘက်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်နေပြီး နှစ်ဖက်ပစ်ခတ်မှုတွေလည်း မကြာခဏဖြစ်ပွားနေပါတယ်။

တနင်္သာရီတိုင်းမှာဆိုရင် ဖေဖော်ဝါရီလအတွင်းမှာ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀၆ လုံး မီးလောင်ပျက်စီးခဲ့ခဲ့တယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Southern Monitor ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးနောက် နေအိမ်တွေကို မီးရှို့ခဲ့တာနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အချိန်မှာ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေစဉ်မှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။