ဒီမော့ဆိုမြို့နယ်မှာ စစ်ကောင်စီအထိနာနေလို့ အင်အားဖြည့်တင်းနေ

မတ် ၊ ၂၀

ကရင်နီပြည်နယ်(ကယားပြည်နယ်)၊ ဒီးမော့ဆိုမြို့နယ်၊ အရှေ့ခြမ်းက တနီးလာလဲကျေးရွာအနီးက ကရင်နီတပ်မတော် (KA) ၊ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲမှာ စစ်ကောင်စီတပ် အထိနာတဲ့အတွက် စစ်ကား (၁၀) ကျော်နဲ့ အင်းအားဖြည့်လာတယ်လို့ သိရပါတယ်။

“၁၈ ရက်က အဲမှာ တနေကုန်ဖြစ်တယ်။ခမရ ၅၁၃ နဲ့ ဖြစ်တာပါ။ တနီလာလဲဆိုတာ ကန်ခုနှစ်ဆင့်ပေါ့။ အဲဒီမြောက်ဘက်မှာ တောတပို့ဆိုတဲ့ ရွာရှိတယ်။ အဲဘက်ရွာရဲ့ ရှေ့ဘက်တောင်တန်းမှာ နေရာယူထားတယ်။ သူတို့နဲ့က တိုက်ပွဲတော့ မဖြစ်သေးဘူး။မနေ့ ည ၉ နာရီကျော်မှ ဆင်းလာတယ်ပြောတယ်။ ကားက ၁၀ စီးကျော်တယ်ပြောတယ်။ ၅၁၃ က ဆုတ်ပြီး လက်နက်ကြီးနဲ့ ပစ်နေတဲ့အချိန်မှာ ဆင်းလာတယ်။ လက်နက်ခဲယမ်းတို့ အင်အားတို့ ဖြည့်တာတို့ ရှိမှာပေါ့”လို့  ကရင်နီပြည်ထဲရေးဝန်ကြီး ခူးညေရယ်က ပြောပါတယ်။

မတ်လ ၁၈ရက်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်း၊ တနီးလာလဲ (ကန်ခုနှစ်ဆင့်အနီး) ကျေးရွာအနီးဝန်းကျင်မှာ စစ်ကောင်စီတပ် ခမရ (၅၁၃) နဲ့ KA၊ KNDF ပူးပေါင်းတပ်ဖွဲ့တွေ တနေကုန်နီးပါး တိုက်ပွဲပြင်းထန်ရာ စစ်ကောင်စီဘက် ၅ ဦးထက်မနည်းသေဆုံးတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ဘက် ထိခိုက်ဒဏ်ရာ အများအပြား ရရှိခဲ့ပြီး သူတို့ရဲ့ လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သလို  ကရင်နီပူးပေါင်းတပ်တွေဘက် တဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၁၉ ရက်ယမန်နေ့ကလည်း စစ်ကောင်စီက ကရင်နီတပ်မတော် KA ရဲ့ အခြေပြုစခန်းတစ်ခုကို ဒုတိယအကြိမ် ထိုးစစ်ဆင်လာရာ မိတာ (၃၀၀) အတွင်း ရောက်ရှိစဉ် စစ်တပ်မှ မိုင်းနင်းမိပြီး ပြန်ဆုတ်သွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲမှာ ကရင်နီတပ်မတော်က ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက ၆၀ မမ၊ ၁၂၀ မမတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ မတ်လ ၉ ရက့်ကတည်းက ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကို စစ်ကြောင်း ၃ ကြောင်းနဲ ထိုးစစ်ဆင်နေတာဖြစ်ပြီး လေကြောင်းကနေ တိုက်ခိုက်သလို လက်နက်ကြီးတွေနဲ့လည်း ပစ်ကူပေးနေတယ်လို့ သိရပါတယ်။

ဒီမောဆိုမြို့ အရှေ့ဘက်ခြမ်းက ဒေသခံပြည်သူအနည်းဆုံး ၁၅၀၀၀ ကျော်ဟာ အိုးအိမ်စွန့်ခွာ စစ်ရှောင်နေရပြီး စစ်ရှောင်တွေဟာ တစ်နေရာမှ တစ်နေရာကို ထပ်မံ ရွှေ့ပြောင်းနေရပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် နေအိမ်စွန့်ခွာထွက်ပြေးရတဲ့ လူပေါင်း ၁ ဒဿမ ၆ သန်းကျော်မှာ ဒီမော့ဆိုမြို့နယ်က လူပေါင်း ၁၂၆ ၀၀၀ ကျော်နဲ့ မြို့နယ်အလိုက် အများဆုံးဖြစ်တယ်လို့သုတေသနအဖွဲ့အစည်းတရပ်ဖြစ်တဲ့  ISP Myanmar ကထုတ်ပြန်ထားပါတယ်။

နေအိမ်စွန့်ခွာထွက်ပြေးရတဲ့သူတွေဟာ  သောက်သုံးရေး ရှားပါးနေမှုကြောင့် နောက်ဆက်တွဲ ရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါး၊ နေရာထိုင်ခင်းနဲက အမိုးအကာတွေ အရေးပေါ် လိုအပ်လျက်ရှိတယ်လို့ လည်း ကူညီရေးအဖွဲ့တွေကပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ မြို့နယ်ပေါင်း ၄၇ မြို့နယ်ကို စစ်အုပ်ချုုပ်ရေးကြေညာထားပြီး ကရင်နီ(ကယားပြည်နယ်)က ဒီမော့ဆို၊ ရှားတော၊ ဖရူးဆိုနဲ့ ဘောလခဲမြို့နယ်တွေကိုလည်း စစ်အုပ်ချုပ်ရေးမှာထည့်သွင်းထားတာပါ။