မတ် ၊ ၂၀
ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ဆီဆုံလမ်းမှာ ဒီကနေ့ ညနေပိုင်းက စစ်ထောက်လှမ်းရေးအတွက်အလုပ်လုပ်နေတဲ့ ဒုဗိုလ်မှူးကြီးရဲ့သားဖြစ်သူနဲ့မိသားစုဝင်အမျိုးသမီးတဦးတို့ကို အမည်မသိသေနတ်သမားတွေက လာရောက်ပစ်ခတ်ခဲ့တယ်လို့ စမ်းချောင်းမြို့နယ်ဒေသခံတွေက DNAကိုပြာပါတယ်။
အမည်မသိသေနတ်တွေရဲ့ပစ်ခတ်မှုကြောင့် ဒုတိယဗိုလ်မှူးကြီးရဲ့သားဖြစ်သူ ဝင့်မိုးအောင်ဆိုသူဟာ နေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး မိသားစုဝင်အမျိုးသမီးတဦးကတော့ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
” ၅နာရီခွဲလောက်မှာဖြစ်သွားတာ။သေနတ်သမားတွေက သူတို့ရဲ့အိမ်အရှေ့မှာပဲပစ်သွားတာ။အဒေါ်ကြီးတယောက်ကိုပါပစ်သွားတာ။အခုတော့ နှစ်ယောက်စလုံးကိုသယ်သွားပြီ။အမျိုးသမီးကြီးလည်း သေဖို့များတယ်”လို့ ဒေသခံတဦးကပြောပါတယ်။
ပစ်ခတ်မှုအပြီးမှာတော့ စစ်ကောင်စီတပ်တွေ ၊အရပ်ဝတ်နဲ့လက်နက်ကိုင်တွေရောက်လာပြီး ဆီဆုံလမ်းကို ဗဟိုလမ်းဘက်အခြမ်းနဲ့မြင့်မိုရ်လမ်းဘက်အခြမ်းတွေကို ပိတ်ဆို့ထားခဲ့တယ်လို့ ဆိုပါတယ်။
“ပစ်တာ လေးချက်၊သိသလာက်ကတော့ သူက(သေဆုံးသူ)ဆရာဝန်လို့လည်း ပြောကြတယ်။သူကိုသိတဲ့သူတွေကတော့ သူကစစ်တပ်ကို သတင်းပေးတာ၊သူယောက်ဖက ဗိုလ်မှူး၊သူ့အဖေက ဒုတိယဗိုလ်မှူးကြီး’’လို့ စမ်းချောင်းမြို့နယ်နေ ဒေသခံတဦးကပြောပါတယ်။
ပစ်ခတ်ခံရသူဟာ ဆေးကျောင်းတက်နေသူတဦးဖြစ်ပြီး CDM လုပ်တဲ့ ဆေးတက္ကသိုလ်ကဆရာ၊ ဆရာမတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ မြေအောက်တော်လှန်ရေးလုပ်ဆောင်သူတွေကို ဖမ်းဆီးရာမှာ ပါဝင်ခဲ့သူြုဖစ်တယ်လို့ ရန်ကုန်ခေတ်သစ်ကရေးသားထားပါတယ်။
လက်ရှိမှာတော့ စမ်းချောင်းမြို့နယ်ရဲ့လမ်းတချို့ကို ပိတ်ဆို့ပြီး စစ်ကောင်စီတပ်တွေက ပစ်ခတ်ခဲ့တဲ့ သေနတ်သမားတွေကို ရှာဖွေနေတယ်လို့ သိရပေမယ့် ပတ်ခတ်မှုကိုဘယ်သူတွေလုပ်ဆောင်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။
စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းတဲ့အချိန်ကစပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကြောင့် အရပ်သား ၅၄၄၃ ဦးသေဆုံးပြီး ၄၅၇၇ ဦးဒဏ်ရာရတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
အလားတူ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးသူပေါင်းဟာ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၀ ရက် ဒီကနေ့ အထိ ၃၁၄၆ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။