အရာရှိတွေက သားတွေ၊ တူတွေကို ရာထူးမပေးဖို့ အာဖဂန် တာလီဘန်ခေါင်းဆောင် ညွှန်ကြား

မတ်၊ ၂၀

အစိုးရ အရာရှိတွေ အနေနဲ့ တူတွေ၊ သားတွေနဲ့ တခြား ဆွေမျိုးသားချင်းတွေကို ရာထူးခန့်အပ်တာမျိုးတွေ မလုပ်ကြဖို့ အာဖဂန် နစ္စတန်ရဲ့ တာလီဘန် အစိုးရ အဖွဲ့ ခေါင်းဆောင်က ညွှန်ကြားလိုက်ပါတယ်။

ဟီဘတ်တူလာ အက်ခွန်ဇာဒါးက အစိုးရ အရာရှိတွေ အနေနဲ့ သူတို့ရဲ့ တူတွေ၊ သားတွေကို ဌာနဆိုင်ရာ ရာထူးကောင်းကောင်းတွေမှာ ခန့်ထားတာတွေရှိရင် အလုပ်ပြန်ဖြုတ်ဖို့၊ တခြား ဝန်ထမ်းတွေကိုသာ အစားထိုး ခန့်အပ်ဖို့လည်း ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အမိန့် ထုတ်ပြန်ခဲ့ပါတယ်။

စစ်သွေးကြွ အဖွဲ့ တခုအဖြစ် ကာလရှည်ကြာ လှုပ်ရှားခဲ့တဲ့ တာလီဘန်တွေဟာ အမေရိကန်တပ်တွေ စွန့်ခွာသွားတဲ့နောက် ၂၀၂၁ ခုနှစ်မှာ အာဖဂန်ကို ပြန်လည် ထိန်းချုပ် သိမ်းပိုက်ပြီး အစိုးရ ဖွဲ့ခဲ့ပါတယ်။ တာလီဘန်တွေ ကြီးစိုးသွားချိန်မှာ အာဖဂန် အစိုးရ ထိပ်တန်း အရာရှိတချို့ ထုတ်ပယ်ခံရပြီး တချို့လည်း ထွက်ပြေး တိမ်းရှောင်ကုန်ကြပါတယ်။

အဲဒီနောက် လစ်လပ်သွားတဲ့ နေရာတွေမှာ တာလီဘန် အရာရှိတွေက အစားထိုး နေရာယူကြသလို သူတို့ရဲ့ သားတွေ၊ တူတွေနဲ့ ဆွေမျိုးတွေကိုပါ ရာထူးတွေပေးပြီး အလုပ်ခန့်နေကြောင်း စွပ်စွဲမှုတွေ ထွက်ပေါ်လာပါတယ်။ အခုတော့ တာလီဘန် ခေါင်းဆောင်က ဒီကိစ္စတွေကို ရပ်တန်းကရပ်ဖို့ အမိန့်ဒီဂရီနဲ့ တိုက်ရိုက် ညွှန်ကြားလာတာ ဖြစ်ပါတယ်။

အမိန့်ပြန်တမ်းရဲ့ ဓာတ်ပုံကိုလည်း တာလီဘန်ရဲ့ စီမံအုပ်ချုပ်ရေးရုံး Twitter စာမျက်နှာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

တာလီဘန်တွေက ကဘူးလ်မြို့တော် အပါအဝင် နိုင်ငံအနှံ့ကို ပြန်လည် ထိန်းချုပ်လိုက်တဲ့နောက် အာဖဂန်ဟာ စီးပွားရေးနဲ့ လူသားချင်း စာနာထောက်ပံ့မှုဆိုင်ရာ အကျပ်အတည်းတွေကို အပြင်းအထန် ရင်ဆိုင်နေရပါတယ်။

တာလီဘန် အစိုးရဟာ အမျိုးသမီးတွေအပေါ် ဆိုးဆိုးရွားရွား ခွဲခြားဆက်ဆံမှုတွေကြောင့်လည်း နိုင်ငံတကာ အဖွဲ့အစည်းရဲ့ ပိုမို ဖယ်ကြဉ်မှုကို ခံနေရပြီး နိုင်ငံ စီးပွားရေး ယိမ်းယိုင်နေတဲ့ အချိန်မှာ တာလီဘန်တွေရဲ့ အထီးကျန် ရပ်တည်ရမှုက ပိုမို ဆိုးရွားလာပါတယ်။

တာလီဘန်တွေ အာဏာရလာတဲ့နောက် အမျိုးသမီးတွေ အလုပ်လုပ်ခွင့်၊ ပညာသင်ခွင့်တွေကို အကြီးအကျယ် ခြိမ်းခြောက် ခံနေရပြီး လတ်တလော အနေနဲ့ အမျိုးသမီးတွေဟာ အလယ်တန်း၊ အထက်တန်းနဲ့ တက္ကသိုလ်တွေ တက်ရောက်ခွင့်ကို တာလီဘန်တွေက ပိတ်ပင်ထားလိုက်ကြောင်း သိရပါတယ်။

Ref: BBC