မတ်၊ ၁၉
စစ်ကိုင်းတိုင်း၊ရေစကြိုမြို့နယ်အတွင်းကကျေးရွာတွေကိုဘုတလင်မြို့နယ်ထဲကစစ်ကောင်စီရဲ့တပ်မ (၉၉)က အင်အားရားဂဏန်းနီးပါးနဲ့မတ်လ ၁၆ ရက်နေ့ကစပြီး စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်ကျေးရွာ ၈ ရွာနီးပါးစစ်ဘေးရှောင်နေကြရတယ်လို့သိရပါတယ်။
လက်ရှိဒီကနေ့မနက်ပိုင်းမှာလဲရေစကြိုမြို့နယ်ထဲက မီးလောင်ကျွန်းမြောက်ရွာ ကိုအဲ့ဒီ့စစ်ကြောင်းကသေနတ်တွေနဲ့ပစ်ခတ်ပြီးဝင်ရောက်မီးတင်ရှို့စီးနင်းတာကြောင့် ဒေသခံတွေပိတ်မိနေပြီး ပစ်ခတ်ခံရမှုကြောင့် မီးလောင်ကျွန်းမြောက်ရွာကအရပ်သားငါးဦးလဲဒါဏ်ရာရှိပြီးပိတ်မိနေတယ်လို့သိရပါတယ်။
“လက်ရှိအထဲမှာဒီကောင်တွေရှိတော့ဝင်ကောက်လို့မရဘူးဖြစ်နေတယ်။မီးလောင်ကျွန်းမြောက်ရွာထဲမှာအဖမ်းခံနေထားရတဲ့ပြည်သူတွေနဲ့ပျောက်ဆုံးပြီးပိတ်မိနေတာတွေလဲရှိတယ်။ဘေးရွာကပြည်သူတွေတော့အကုန်ရှောင်ကုန်ပြီ”လို့ ရေစကြိုပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောပါတယ်။
ဒီကနေ့အထိစစ်ကောင်စီတပ်ထိုးစစ်ဆင်နေတာကြောင့်တမော့၊တာခေါင်၊မီးလောင်ကျွန်းတောင်ရွာ၊ဖရုံဦးအစရှိတဲ့ကျေးရွာတွေအပါအဝင်ကျေးရွာပေါင်း ၈ ရွာလောက်ကပြည်သူ တထောင်ဝန်းကျင်လောက်ဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။
လက်ရှိမှာတော့ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားတာမျိုးမရှိသေးပဲစစ်ကောင်စီတပ်တွေဟာလူခွဲပြီးအနားကကျွန်းရွာသစ်ကိုလဲဆက်လက်မီးတင်ရှို့နေတယ်လို့သိရပါတယ်။
“ပြေးရတာကဒီမှာကလဲမိုးကရွာပြီးတလင်းတွေကများတော့အခင်းဘာညာလဲမဆွဲနိုင်တော့အတော်ဒုက္ခရောက်တယ်။ရှိတဲ့လှည်းဆွဲတဲ့သူကဆွဲ၊ဆိုင်ကယ်ရှိတဲ့သူကဆိုင်ကယ်နဲ့တောက်လျောက်ပြေးနေရတာ။စားနပ်ရိက္ခာနဲ့အမိုးအကာကတော့အရေးပေါ်လိုနေတယ်”လို့ မီးလောင်ကျွန်းတောင်ရွာဒေသခံတဦးက လက်ရှိအခြေအနေကိုပြောပါတယ်။
စစ်ရှောင်ပြည်သူတွေအနေနဲ့စိုက်ပျိုးရေးလုပ်ရတဲ့ယာခင်းတွေထဲမှာပဲမိုးဒါဏ်လေဒါဏ်ကြားမှာနေထိုင်နေရတဲ့အတွက်လေဒါဏ်မိုးဒါဏ်ခံနိုင်တဲ့အကာအကွယ်တွေလိုအပ်နေတာ်လို့လဲသိရပါတယ်။
လက်ရှိမှာစစ်ကောင်စီတပ်တွေရှိနေသေးတဲ့အတွက်မီးလောင်ကျွန်းမြောက်ရွာနဲ့ကျွန်းသစ်ရွာကမီးလောင်အိမ်ခြေကိုအတည်ပြုလို့မရသေးသလိုပိတ်မိနေပြီးဖမ်းဆီးခံထားရတဲ့ပြည်သူတွေနဲ့ဒေသခံတွေကဘယ်သူဘယ်ဝါဆိုတာကိုအတည်ပြုလို့မရသေးဘူးဖြစ်နေတယ်လို့ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က DNA ကိုပြောပါတယ်။