စက်သုံးဆီဆိုင်တွေမှာသုံးလအတွင်းလျှပ်စစ်ကားအားသွင်းရုံတည်ဆောက်ဖို့ စစ်ကောင်စီဖိအားပေး

မတ်၊ ၁၉

အာဏာသိမ်းစစ်ကောင်စီကရန်ကုန်၊ မန္တလေးနဲ့နေပြည်တော်အပါအဝင် မြို့ကြီးတွေမှာ လျှပ်စစ်ကားအားသွင်းရုံတည်ဆောက်ဖို့ အခုမတ်လကစပြီးအချိန် ၃ လအတွင်း စက်သုံးဆီဆိုင်တွေအပေါ် အတင်းအကျပ် တိုက်တွန်းနေတယ်လို့ ဆီဆိုင်ရှင်အချို့ကပြောပါတယ်။

ရန်ကုန် ၊နေပြည်တော်နဲ့ရန်ကုန်-မန္တလေးအမြန်လမ်းအပေါ်စတဲ့နေရာတွေကစက်သုံးဆီဆိုင် ၃၈ ဆိုင်ကို လျှပ်စစ်ကားအားသွင်းရုံ(EV)တည်ဆောက်ဖို့စစ်ကောင်စီအမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နဲ့ ဆက်စပ်ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီကဆောက်လုပ်ခွင့်ပြုလိုက်တယ်လို့စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေမှာဖော်ပြထားတာပါ။

ရန်ကုန်မြို့အတွင်းကစက်သုံးဆီဆိုင် ၂၄ ဆိုင်နေရာကို လျှပ်စစ်ကားအားသွင်းရုံတည်ဆောက်ဖို့စစ်ကောင်စီကခွင့်ပြုထားပေမဲ့လက်ရှိလျှပ်စစ်ဓာတ်အားရရှိဖို့အခြေအနေအရ မလွယ်ကူနိုင်သေးဘူးလို့ ရန်ကုန်မြို့တွင်းကစက်သုံးဆီရောင်းချသူတဦးကပြောပါတယ်။

” ရန်ကုန်မှာ လျှပ်စစ်ဓာတ်အားကမှန်တာမဟုတ်ဘူး။အခုတောင်ဆီပန့်တွေအတွက် မီးစက်နဲ့အဆင်ပြေသလိုလုပ်ကိုင်နေရတာ။EV ကားသွင်းရုံ ဆောက်ခိုင်းတယ်ဆိုတာကအဆင်ပြေတဲ့ဆီဆိုင်တွေကိုပဲလုပ်ခိုင်းတာ။ကျွန်တော်တို့လိုတပိုင်တနိုင် ဆီဆိုင်တွေကမပါဝင်နိုင်သေးဘူး။ မီးရတဲ့အခြေအနေအရကော ဖြစ်နိုင်မှာမဟုတ်ဘူး” လို့သူကပြောပါတယ်။

လျှပ်စစ်ကား(EV)အားသွင်းရုံတည်ဆောက်ခွင့်ပြုထားတဲ့စက်သုံးဆီဆိုင်တွေဟာစစ်ကောင်စီနဲ့အကျိုးတူလုပ်ကိုင်နေတဲ့ Denkoနဲ့ Max Myanmar တို့ရဲ့ဆီဆိုင်ခွဲတွေဖြစ်ပြီးသခင်မြပန်းခြံ၊ ဘူတာကြီးအရှေ့၊ သီရိမင်္ဂလားဈေး၊ အောင်မင်္ဂလာ နဲ့ ဒဂုံ-ဧရာအဝေးပြေး ယာဉ်ရပ်နားစခန်းစတဲ့မြို့အတွင်းနေရာ၅ခု မှာလည်း  Chin Dwin Shan ၊ Essential Motors ၊ Myanmar Brilliance Auto နဲ့ Asia Pacific Automaker Corp. တို့က တည်ဆောက်ခွင့် ရရှိထားတာပါ။

စစ်ကောင်စီထိန်းချုပ်နယ်မြေနေပြည်တော်ကစက်သုံးဆီဆိုင်( ၇) ဆိုင်အပါအဝင် ရန်ကုန်-မန္တလေးအမြန်လမ်းမ ကြီးပေါ်ရှိစက်သုံးဆီဆိုင်( ၇) ဆိုင် စုစုပေါင်း ၁၄ ဆိုင်မှာလည်း လျှပ်စစ်ကားအားသွင်းရုံတွေကိုအတင်းအကျပ်တည်ဆောက်ခိုင်းနေပေမဲ့ဆောက်လုပ်ရေးလုပ်သားရှားပါးနေတာကြောင့်အချိန်မီပြီးစီဖို့မလွယ်ကူနိုင်ဘူးလို့ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ Denko စက်သုံးဆီဆိုင်အရောင်းတာဝန်ခံတဦးကဆိုပါတယ်။

” နေပြည်တော်နဲ့အခုအမြန်လမ်းနေရာကအခုနွေရာသီအပူချိန်နဲ့အလုပ်လုပ်ဖို့မလွယ်ဘူး။ အရမ်းပူတာဗျ။အလုပ်သားတွေခေါ်နိုင်ရင်တောင်ဒီရာသီဥတုအခြေအနေနဲ့ကအချိန်မီပြီးစီးဖို့မဖြစ်နိုင်ဘူး” လို့ သူကဆိုပါတယ်။

စစ်ကောင်စီရဲ့လျှပ်စစ်ကားစီမံကိန်းရှေ့ပြေးအနေနဲ့ ရန်ကုန်၊ မန္တလေးနဲ့ ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်စတဲ့နေရာတွေမှာ   60 KW အားသွင်းစက် တလုံးစီ တပ်ဆင်မယ့် စက်သုံးဆီဆိုင် ၁၀ဆိုင်၊200 KW အားသွင်းစက် လုံးစီ တပ်ဆင်မယ့် ၅ ဆိုင်၊60 KW အားသွင်းစက် တစ်လုံးစီ တပ်ဆင်မယ့် စက်သုံးဆီအရောင်းဆိုင် ၄ ဆိုင် စုစုပေါင်း ၁၉ ဆိုင်ကိုအခုမတ်လကုန်မှာအပြီးသတ်တည်ဆောက်မှာဖြစ်ပါတယ်။

လိုအပ်မဲ့လျှပ်စစ်ဓာတ်အားတွေအပေါ်ဆိုလာဓာတ်အားသွင်း စနစ်နဲ့ Standard Operation Procedure (SOP) အတိုင်းချိက်ဆက်အသုံးပြုစေမယ်လို့စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးသောင်းဟန်က ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၉ရက်မှာပြည်တွင်းမီဒီယာအချို့ကိုပြောဆိုပါတယ်။

 EV အားသွင်းစက် 60 KW (၄၅)လုံးနဲ့200 KW (၆)လုံးကိုတရုတ်နိုင်ငံလျှပ်စစ်ကား ကုမ္ပဏီတွေဖြစ်တဲ့ Earth Renewable Energy နဲ့ N.P.K Motors တို့ထံမှာယူထားကာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလနဲ့အခုမတ်လပထမအပတ်မှာနေပြည်တော်လျှပ်စစ်ဝန်ကြီးဌာနရုံးထံရောက်ရှိနေပြီဖြစ်တယ်လို့ စစ်ကောင်စီအမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နဲ့ ဆက်စပ်ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

လျှပ်စစ်မော်တော်ယာဉ်(EV)နှင့် ဆက်စပ်ပစ္စည်းတွေတင်သွင်းဖို့ ပြီးခဲ့တဲ့၂၀၂၂ ခုနှစ် ဇွန်လအတွင်းစစ်ကောင်စီက အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နဲ့ဆက်စပ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီကိုဖွဲ့စည်းခဲ့ကာ စက်တင်ဘာလမှာတော့စိတ်ဝင်စားတဲ့ ပြည်တွင်းပြည်ပကုမ္ပဏီတွေကိုဖိတ်ခေါ်ခဲ့တာပါ။

အဲဒီဖိတ်ခေါ်မှုအရတရုတ်နိုင်ငံက လျှပ်စစ်ကားနဲ့ဆက်စပ်ထုတ်လုပ်တဲ့ကုမ္ပဏီအများစုဖြစ်တဲ့ Chin Dwin Shan ၊ Essential Motors ၊ Myanmar Brilliance Auto နဲ့ Asia Pacific Automaker Corp စတဲ့ကုမ္ပဏီတွေကတင်သွင်းခွင့်ရရှိခဲ့ပေမဲ့ ပြည်တွင်းပြည်ပကုမ္ပဏီတွေကိုဖိတ်ခေါ်ရာမှာပွင့်လင်းမြင်သာမှုမရှိခဲ့ဘူးလို့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တဦးကပြောပါတယ်။

‘’တရုတ်ကကုမ္ပဏီအများစုကိုပဲတင်သွင်းခွင့်ပြုလိုက်တာ။စိတ်ဝင်စားတဲ့ကုမ္ပဏီတွေဆိုတာကလည်းစစ်ကောင်စီနဲ့ဆက်စပ်တဲ့ကုမ္ပဏီတွေပဲများတယ်။ တင်သွင်းခွင့်ပြုဖို့ကိုလည်းနှစ်ဖက်လက်ဝါးချင်းရိုက်ပြီးလုပ်တဲ့သဘောဖြစ်နေတယ်။ ပွင့်လင်းမြင်သာတာမရှိတဲ့အပြင်အဖြစ်သဘောလုပ်ဆောင်တယ်လို့ပဲမြင်ပါတယ် ” လို့သူကပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ မတ်လ ၁၉ ရက်မှာလည်းရန်ကုန်မြို့ကEV Charging Station အဖြစ်ရန်ကုန်ဘူတာကြီးမှာစစ်ကောင်စီခန့်ရန်ကုန်တိုင်းဝန်ကြီးချုပ်ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ခဲ့တယ်လို့ပြည်တွင်းမီဒီယာတချို့မှာဖော်ပြပါတယ်။

ရန်ကုန်တိုင်းအတွင်း တည်ဆောက်နေတဲ့ လျှပ်စစ်ကားအားသွင်းရုံတွေထဲကသခင်မြပန်းခြံ၊ အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းနဲ့ ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားစခန်းစတဲ့နေရာသုံးခုကို လာမဲ့ မတ်လ ၂၀ ရက်နဲ့ ၂၅ ရက်မှာ ဆက်လက်ဖွင့်လှစ်မှာဖြစ်ပြီးနေပြည်တော်သပြေကုန်းဈေးမှာလည်း လျှပ်စစ်ကားအားသွင်းရုံတစ်ခုကိုပြီးခဲ့တဲ့မတ်လ၄ ရက်နေ့မှာဖွင့်လှစ်ခဲ့ပြီးဖြစ်တယ်လို့စစ်ကောင်စီဆောက်လုပ်ရေးဝန်ကြီးဌာနဒုဝန်ကြီးဦးဝင်းဖေကပြည်တွင်းမီဒီယာတချို့ကိုအသိပေးပြောဆိုပါတယ်။

ဒါ့အပြင်လျှပ်စစ်ကားအားသွင်းရုံတွေကို ရန်ကုန်-ပြည်၊ ရန်ကုန်-ပုသိမ်၊ ဘုရားကြီး-သထုံ-မော်လမြိုင်၊ မိတ္ထီလာ-ကျောက်ပန်တောင်း-ညောင်ဦး၊ မိတ္ထီလာ-တောင်ကြီး၊ မန္တလေး-ပြင်ဦးလွင်-လားရှိုးစတဲ့ လမ်းမကြီးတွေပေါ်မှာထပ်မံ တည်ဆောက်ဖို့လေ့လာမှုတွေ ပြုလုပ်ထားတယ်လို့လည်းစစ်ကောင်စီဝါဒဖြန့်သတင်းစာမှာဖော်ပြထားပါတယ်။