မတ်၊ ၁၉
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာရှိတဲ့ ပြည်သူကာကွယ်ရေး တပ်မတော် (MDY- PDF) အဖွဲ့က တပ်ဖွဲ့ဝင်တချို့ကို ထောင်ချောက်ဆင်ပြီး ဖမ်းဆီးရမိထားတယ်လို့ စစ်အုပ်စုလော်ဘီချန်နယ်တွေကတဆင့် အခုရက်ပိုင်းအတွင်းမှာ သတင်းဖြန့်တာတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့မှာ ပြင်ဦးလွင်မြို့ ပိတ်ချင်းမြောင် သဘာဝ လှိုင်ဂူတော်ဘုရားဝင်ပေါက် အနီးရှိ ဝက်ဝံပူးပေါင်းစစ်ဆေးရေးဂိတ်တွင် MDY- PDF အဖွဲ့ထံမှာ သင်တန်းရောက်ရန်လာတဲ့ လူငယ် ၆ ဦးကို ကနဦးဖမ်းဆီးရမိခဲ့တယ်လို့ ဝါဒဖြန့်ချယ်နယ်တွေမှာ ထုတ်ပြန်နေတာပါ။
အဲဒီလူတွေနဲ့ ထောင်ချောက်ဆင် ဖမ်းဆီးခဲ့လို့ MDY-PDF အဖွဲ့မှာ လူသစ်စုဆောင်းရေးအဖွဲ့ တာဝန်ခံ ပီတာ(ခ)သော်ဇင်ဝင်း ဆိုသူ အပါအဝင် ၃ ဦးထပ်မံဖမ်းဆီးရမိတယ်လို့ စစ်အုပ်စုဖက်က ဆိုပါတယ်။
MDY- PDF အဖွဲ့ဘက်ကတော့ အခုဖြစ်စဉ်အတွက် စုံစမ်းမှုတွေ လုပ်နေဆဲသာဖြစ်တယ်လို့ MDY- PDF အဖွဲ့ ရဲ့တာဝန်ရှိသူ တဦးက ပြောပါတယ်။
” အဲ့ဒါမျိုးသတင်းတော့ ကျွန်တော်တို့တယ်လီဂရန်တွေမှာ တွေ့တယ်။ ကျနော်တို့ မေးမြန်းအတည်ပြုနေတုန်းပါ။ ကျွန်တော် အဖွဲ့ဝင်တွေဆိုတာ မသေချာသေးပါဘူး။ လတ်တလောမှာလည်း ကျွန်တော်တို့နဲ့ အဆက်သွယ်ပြတ်နေတဲ့ ရဲဘော်တွေ မရှိသေးပါဘူး ” လို့ သူက ဆိုပါတယ်။
စစ်အုပ်စုက ကနဦးဖမ်းဆီးရမိတဲ့ ၆ ဦးရဲ့ ဖော်ထုတ်ချက်အရ မတ်လ ၁၆ ရက်နေ့ နေ့ခင်း ၁ နာရီလောက်မှာ ကျောက်မဲမြို့နယ်၊ အောင်ပင်လယ်ဆီဆိုင်ရှေ့မှာ PDF တွေဆီ ပို့ဆောင်ပေးမယ့် ဆိုင်ကယ်ကယ်ရီသမားတွေကို ထောင်ချောက်ဆင်ဖမ်းဆီးပြီး MDY-PDF အဖွဲ့က လူသစ်စုဆောင်းရေးအဖွဲ့ တာဝန်ခံ ပီတာ(ခ)သော်ဇင်ဝင်း ဆိုသူကို ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီဝါဒဖြန့်ချယ်နယ်တွေမှာ သတင်းဖြန့်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီလ ၁၄ ရက်နေကလည်း မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ပြင်ဦးလွင်- မန္တလေးသွား ကားလမ်းဘေးရှိ သမ္မတောကျေးရွာမှာ ပြောက်ကျားတပ်ဖွဲ့ တခုဖြစ်တဲ့ ဒုဌဝတီတော်လှန်ရေးအင်အားစုက ရဲဘော် ၅ ဦးအပါအဝင် ဒေသခံ ၂ ဦးကို စစ်အုပ်စုက ရွာကို ဝိုင်းပြီး ဝင်ရောက်ဖမ်းဆီးခဲ့သေးတယ်လို့ အဲဒီအနီးနားက ဒေသခံတွေက ပြောပါတယ်။
မြေပြင်သတင်းတွေကို တင်ဆက်ပေးနေတဲ့ Voice Of Mandalay ကလည်း အဲဒီ အဖွဲ့ရဲ့ FaceBook ပြန်ကြားရေးတာဝန်ခံ အဖမ်းဆီးခံရတာကြောင့် အဆက်အသွယ်တွေ မလုပ်ကြဖို့ သတိပေးရေးသားထားတာ တွေ့ရပါတယ်။
လက်ရှိမန္တလေးမြို့အတွင်းမှာ ပြောက်ကျားအဖွဲ့ဝက်တွေ ဖမ်းဆီးခံရတာကြောင့် စစ်အုပ်စုက စစ်ဆေးရေး တိုးမြှင့်လုပ်တာမျိုး မတွေ့ရပေမယ့် စစ်အုပ်စုကို တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေတော့ နည်းပါးသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
” အရင်ကတော့ အုပ်ကြီးရုံးတွေဆို ခဏတိုင်းကွဲနေတာ ကြားနေရတယ်။ အခုတော့ သိပ်မကြားတော့ဘူး ဒလန်ရှင်းတာလောက်ကြားတော့တယ်။ PDF တွေအဖမ်းခံရတာတွေကြောင့်လားဆိုတော့ မထင်ဘူး။ သူတို့လှုပ်မရသေးလို့သာ ငြိမ်နေတယ်ထင်တယ် ” လို့ ချမ်းအေးသာစံမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံတဦးက သုံးသပ်ပါတယ်။
အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မန္တလေးက ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ရာနဲ့ချီပြီး ဖမ်းဆီးခံရတာတွေရှိတယ်လို့လည်း တော်လှန်ရေးအင်အားစုတွေက ခန့်မှန်းသုံးသပ်ထားပါတယ်။
ဓာတ်ပုံ – EPA
ပုံစာ – မန္တလေးမြို့က စစ်ကောင်စီတပ်သားများ (ပုံဟောင်း)