အိန္ဒိယ- မြန်မာနယ်စပ် မိုးရေးမြို့တွင် တရုတ်ဆိုင်ကယ် 125 တွေ စီးနင်းခွင့်ပိတ်

မတ်၊ ၁၉

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အိန္ဒိယနိုင်ငံနယ်စပ် မိုးရေးမြို့တွင် ၁၉ရက် (တနင်္ဂနွေ)နေ့ နံနက်ပိုင်းက တရုတ်ဘီး-125 များ စီးနင်းခွင့်မပြုတော့ကြောင်း မိုးရေးမြို့ ရဲတွေက တမြို့လုံးကို ကားနဲ့လိုက်ကြေငြာနေတယ်လို့ မိုးရေးမြို့နေ ပြည်သူတဦးက DNA ကို ပြောပါတယ်။
 
မိုးရေးမြို့သို့ ဈေးရောင်းရန်သွားလာနေရသော ပြည်သူတဦးက ” သူတို့ရဲတွေကိုယ်တိုင် ကားနဲ့ လိုက်အော်နေတော့ အစက ဘာမှန်းမသိဘူး။ ပြီးမှ 125ဘီးတွေ မစီးဖို့ အော်တာတဲ့။ ကျနော်တို့တင်မဟုတ်ဘူး သူတို့လူတွေပါ ဖမ်းမှာတဲ့။ ကျနော်တို့ကတော့ ပိုဒုက္ခရောက်တာပေါ့။ 125 တဘီးဝယ်ဖို့တောင် မလွယ်တာ။ ဒါမစီးရရင် သူတို့ဆိုင်ကယ်တွေပဲ ဝယ်စီးရတော့မလိုပဲ။ ကျ‌နော်တို့ပြည်သူတွေပဲ ဒုက္ခရောက်တာပါဗျာ” လို့ ပြောပါတယ်။
 
အိန္ဒိယပြည်နယ်အစိုးရ ဝန်ကြီးချုပ်ရဲ့ လူထုကွန်ယက်စာမျက်နှာမှာ ကျွယ်ကျန်ပူမြို့မှာ မြန်မာနိုင်ငံက တရားမဝင်သယ်ဆောင်လာသော 125 ဆိုင်ကယ်များအား ဖမ်းဆီးထားသည်ဟု ၁၈ရက်နေ့က တရားဝင်ထုတ်ပြန်ကြေငြာခဲ့သည်။
 
မြန်မာနိုင်ငံနယ်စပ်၊ မြို့သစ်မြို့ကနေ အိန္ဒိယနိုင်ငံ၊ Kamjong ခရိုင်ဘက်သို့ ဝင်လာသော 125 ဆိုင်ကယ်-၂စီးအား ထပ်မံဖမ်းဆီးခဲ့တယ်လို့ ရေးသားထားပြီး လတ်တလောအချိန်အထိ ၂၆စီး ဖမ်းဆီးထားကာ အကောက်ခွန်ဌာနကို လွှဲအပ်ခဲ့တယ်လို့ ဆိုပါတယ်။
 
မိုးရေးနေ ပြည်သူအများစုမှာ 125ဆိုင်ကယ်ကို အသုံးပြုသူများပြီး အခုလိုဖမ်းဆီးတဲ့ထုတ်ပြန်ကြေငြာချက်ကြောင့် အများစုအခက်တွေ့နေရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Biren Singh