မတ်၊ ၁၉
ရန်ကုန်တိုင်းနဲ့ ကရင်ပြည်နယ်မှာ ငွေကျပ်သိန်းထောင်ချီတန်ဖိုးရှိ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့လို့ ကားဂိတ်တွေကို စစ်ကောင်စီက စစ်ဆေးရေးတင်းကြပ်ထားတယ်လို့ ခရီးသွားယာဥ်လက်မှတ်ရောင်းချသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်တရက်ထဲမှာ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာယာဥ်ရပ်နားဝန်းရှိဝင်းကားဂိတ်နဲ့ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ယာဥ်ရပ်နားဝန်းစခန်းအတွင်းမှာ ငွေကျပ် သိန်း ၆၀၀ နီးပါးရှိ လက်နက်ခဲယမ်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီသတင်းစာထဲမှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိတဲ့ လက်နက်ခဲယမ်းတွေဖြစ်တဲ့ တရုတ်စက်လက် သေနတ် ၁ လက်၊ M-22 သေနတ် ၁လက်၊ K-47 သေနတ် ၃ လက် ၊ M-16 သေနတ်၂လက်၊ M-16 A-1 ၂ လက် ၊ AR-15 ၁ လက်၊ Ekol Uzi ၄ လက် ၊ Sigsauer ပစ္စတို ၁ လက် ၊ Colt ပစ္စတို ၁ လက် ၊ Tafical Pro-2 ၁ လက် ၊ AK-SA 1911 ၁ လက် ၊ Glock ပစ္စတို ၁ လက် ၊ ၅.၅၆ ကျည် ၅၀၀၀ တောင့် ၊ AK-47 ကျည် ၅၀၀ တောင့်၊ ၉ မမ ဘလိုင်းကျည် ၁၃၀ တောင့်၊ ၇.၆၂ ကျည် ၉၀ တောင့် ၊ ပွိင့် ၃၈၀ ကျည် ၆၀၀ တောင့် ၊ ၉ မမ ကျည် ၄၀၀ တောင့် ၊ တရုတ် လက်ပစ်ဗုံး ၃ လုံး ၊ ၄၀ မမ ဗုံးသီး ၁၀ လုံး ၊စက်လက် ဘောက်ဝိုင်း ၂ ခု ၊ ၅.၅၆ ကော်ကျည်အိမ် ၆ ခု ၊ ၅.၅၆ သံကျည်အိမ်အရှည် ၁၇ ခု ၊ ၅.၅၆ သံကျည်အိမ်အတို ၄ ခု ၊ AK-47 ကျည်အိမ် ၆ ခု ၊ Scope(တပေ) ၁ ခု ၊ Scope (တစ်ပေ ၆ လက်မ) ၁ ခု ၊ Scope (၈ လက်မ) ၁ ခု ၊ Ekol ကျည်အိမ်အရှည် ၄ ခု အပါအဝင် လက်နက်အမျိုးအစား ၃၀ ဝန်းကျင်ကို ဖမ်းဆီးရမိထားတယ်လို့စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေမှာဖော်ပြထားတာပါ။
လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိပြီးနောက် ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်ကနေ ဒီကနေ့မတ်လ ၁၉ ရက်အထိ ဘားအံမြို့ကားဝန်းအတွင်းမှာ နယ်ခြားစောင့်တပ် (BGF) အပါအဝင် စစ်တပ်နဲ့ ရဲအဖွဲ့အင်အား ၃၀ ဝန်းကျင်က ကားဂိတ်အနီးက စားသောက်ဆိုင်တွေနဲ့ ကားဂိတ်အဝင်အထွက်တွေမှာ လုံခြုံရေးအရ တင်းကျပ်ရှာဖွေစစ်ဆေးတာတွေ ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကားဂိတ်အတွင်း စျေးရောင်းချသူတဦးက ပြောပါတယ်။
” သေနတ်တွေမိတာတော့ တွေ့တယ်။ ကားက အပြင်ယာဉ်လိုင်း ကားတစီးကနေ မိတာ။ ကားဂိတ်ထဲမှာက ရဲတွေ အရပ်ဝတ်တွေနဲ့ ကားဂိတ်တွေမှာ လာစောင့်ကြည့်နေတာရှိတယ်။ တချို့က စားသောက်ဆိုင်တွေမှာ လာထိုင်ကြတယ်။ BGF နဲ့ စစ်တပ်တွေက ကားဂိတ်အဝင်အထွက်မှာ စောင့်ပြီးတော့ စစ်ဆေးနေတာ ရှိနေတယ်” လို့သူမက ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က အောင်မင်္ဂလာ အဝေးပြေးယာဥ်ရပ်နားဝန်းမှာလည်း ဝင်းကားဂိတ်ထံမှ လက်နက်နဲ့ ခဲယမ်းတွေအပြင် ပစ္စည်းထုတ်ယူသူ လူငယ်တဦးကိုပါ ဖမ်းဆီးရမိခဲ့လို့ ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်ကနေ ဒီကနေ့ အထိ ရဲနဲ့ စရဖအင်အား ၂၀ ဝန်းကျင်ဖြင့် ကားဂိတ်အနီးတဝိုက်မှာ လာရောက်စုံစမ်းတာအပြင် စစ်ဆေးမေးပြုလုပ်နေတယ်လို့ ကားလက်မှတ်ရောင်းချသူတွေက ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ စရဖနဲ့ ရဲ ပူးပေါင်းအဖွဲ့ ၂၀ ဦးဟာ အောင်မင်္ဂလာယာဥ်ရပ်နားဝန်းထဲ ကားလက်မှတ်ရောင်းချသူတွေထံကို အရပ်ဝတ်နဲ့ လိုက်လံမေးမြန်းတာ သတင်းပေးဖို့ လိုက်လံစည်းရုံးတာတွေ ပြုလုပ်သွားတယ်လို့ ကားလက်မှတ်ရောင်းချနေသူတဦးက ဆိုပါတယ်။
” သူတို့ (စရဖနဲ့ရဲ) တွေ ကားလက်မှတ်ရောင်းတဲ့ နေရာတွေကို စျေးဆိုင်တွေကို လိုက်ပြီးမေးတယ်။ PDF သတင်းကြားရရင်လာပြောဖို့ ဆုငွေပေးမယ်ဆိုပြီး စည်းရုံးနေတာရှိတယ် ” လို့ သူက ပြောပါတယ်။
လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့တဲ့ ဝင်းကားဂိတ်တာဝန်ခံအပြင် ပစ္စည်းလာရောက်ထုတ်ယူသူ လူငယ်တဦးကို ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ကားဂိတ်တာဝန်ခံကို ပြန်လည်လွတ်ပေးခဲ့တာ ရှိခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီရဲစခန်းနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိတဲ့ အခြေအနေနဲ့ပက်သက်လို့ သက်ဆိုင်ရာ မြို့ပြတော်လှန်ရေးအဖွဲ့တွေထံ DNA က မေးမြန်းနေပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့၂၀၂၂ ခုနှစ်၊ ဇူလိုင်လကနေ အခု၂၀၂၃ ခုနှစ်မတ်လ အထိ ရန်ကုန်၊ မွန် နဲ့ ကရင်စတဲ့ နေရာတွေမှာ လက်နက်ခဲယမ်း အမျိုးအစား ၅၀၀ နီးပါးထက်မနည်းနဲ့ ကာလတန်ဖိုးကျပ်သိန်း ၃၀၀၀ ကျော်ဝန်းကျင် ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ – စစ်ကောင်စီ မီဒီယာ