ရခိုင်မှာ ဘုရားနဲ့ ဘုရားသိမ်ဆောက်လုပ်ဖို့လှူထားတဲ့ သံခြောက်တန်ကျော်ကို စစ်သားတွေက ခိုးယူရောင်း စားတယ်လို့ဆို

မတ်၊ ၁၈

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊နွားရုံတောင်ကျေးရွာမှာ ဘုရားနဲ့ဘုရားသိမ်ဆောက်ဖို့ အလှူရှင်တဦးကလှူ ထားတဲ့ သံခြောက်တန်ကျော်ကို အဲ့ဒီရွာအနီးမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေက ခိုးယူရောင်းစား လိုက်ကြတယ်လို့ မျက်မြင်ဒေသခံတွေက DNA ကိုပြောပါတယ်။

“(စစ်ဘေးရှောင်)မပြေးရခင်က သိမ်ဆောက်ဖို့အတွက် ရန်ကုန်က အလှူရှင်တယောက်က ဝယ်ပို့ထားတာပါ၊ နိုင် ငံခြားသံ၊ကျွန်တော်တို့ရွာကျောင်းမှာ သုံးတန်နီးပါး၊ ပြီးတော့သုံးဆယ့်တဘုံမှာ လျောင်းတော်မူဘုရား အဆောက် အဦးလုပ်ဖို့ ဆိုပြီးတော့ ထားထားတဲ့ သံ သုံးတန်ကျော်၊ အဲဒါတွေကို ခိုးယူသွားတာ”လို့ နွားရုံတောင်ရွာ သားတဦး က DNA ကို ပြောပါတယ်။

ခိုးယူခံရတဲ့သံတွေဟာ ဒေသတွင်းမှာတိုက်ပွဲတွေမဖြစ်မီ ၂၀၁၉ ခုနှစ်ကတည်းက ဝယ်ယူထားခဲ့တဲ့သံတွေဖြစ်ပြီး တိုက်ပွဲဖြစ်လို့ ရွာသား တွေအားလုံး ထွက်ပြေးကြရချိန်မှာ စုပုံထားခဲ့ရာက ပြီးခဲ့တဲ့ တပတ်လောက်အတွင်း စစ် ကောင်စီတပ်သား တွေ ခိုးယူသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 “စစ်သားတွေ သုံးဘီးနဲ့ တင်ယူသွားတာ၊စစ်တပ်က ဝယ်မယ့်သူတွေကို အဆက်အသွယ်လုပ်ပြီးတော့ ပို့ပေးတာ၊ တတန်ကို ၁၅ သိန်းတဲ့ အဲကောင်တွေ ရောင်းတာ၊ကာလပေါက်စျေးဆိုရင်တော့ အခု သိန်းနှစ်ဆယ်လောက် ရှိ တယ်၊ဘယ်ကို ရောင်းလဲဆိုတာတော့ အတိအကျမသိသေးဘူး”လို့ စစ်ကောင်စီတပ်သားတွေ ခိုးယူသွားခဲ့တာကို မြင်တွေ့လိုက်ရတဲ့ နွားရုံတောင်ရွာအနီးရှိ ဆင်သေရွာသားတဦးက DNA ကို ပြောပါတယ်။

လက်ရှိမှာ အဲဒီသံတွေကို ဘူးသီးတောင်မြို့နယ် ထိပ်ထူးပေါက်ရွာအနီးရှိ စစ်ကောင်စီတပ်စခန်းမှာ စုပုံထားတယ် လို့လည်း အနီးတဝိုက်မှာရှိတဲ့ ဒေသခံတွေက ပြောကြပါတယ်။ 

“စစ်သားတွေ တင်ယူသွားတာကို အနားကလူတွေ အကုန်လုံးကို မြင်လိုက်ကြတယ်၊အဲဒါ တပ်တော်(AA)ကိုလည်း အကြောင်းကြားထားတယ်၊ ဘယ်ကိုရောင်းလဲ ၊ ဘယ်သူတွေကို ရောင်းလဲဆိုတာကို သူတို့(AA) လေ့လာနေကြပါ တယ်”လို့ နွားရုံတောင်ရွာသား နောက်တဦိးက ပြောပါတယ်။ 

နွားရုံတောင်ရွာသားတွေဟာ ၂၀၁၉ တိုက်ပွဲတွေဖြစ်ချိန် ရွာအနီး စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး ရွာသား တွေကို လူသားဒိုင်းကာအဖြစ် အသုံးချလာတဲ့အတွက် ဆရာတော်(ဘုန်းတော်ကြီး)အပါအဝင် ရွာသားတွေအားလုံး ထွက်ပြေးနေကြရတာဖြစ်ပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်ကြသေးပါဘူး။ 

စစ်ကောင်စီတပ်သားတွေဟာ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်စတဲ့မြို့နယ်တွေမှာ လူ နေရွာတွေအနီး စခန်းချနေထိုင်ကြပြီး အဲဒီရွာတွေထဲက လယ်ထွန်စက်၊ ရေစုပ်စက်၊ မီးစက် စတဲ့ တန်ဖိုးကြီးစက် ပစ္စည်းတွေအပါအဝင် လူနေအိမ်တွေကသစ်နဲ့ သွပ်ပြားတွေပါ ယူပြီး ရောင်းစားနေကြတယ်လို့ မျက်မြင်ဒေသခံ တွေက DNA ကို ပြောထားကြပါတယ်။

 “ဒီကောင်တွေက အကုန်လုံးကို ယူတယ်၊ကျွန်တော်တို့ရွာက သစ်တွေ၊ သွပ်တွေကို ဖြုတ်ယူပြီး ရောင်းစားတယ်၊ သိပ်မကောင်းတော့တဲ့ သစ်တွေဆိုရင် ဖြိုချပြီး ထင်းဆစ်လိုက်ကြတယ်။ အိမ်တွေ ဘာမှတောင် မကျန်တော့ဘူး” လို့ ကျောက်တော်မြို့နယ် တင်းမရွာသားတဦးက DNA ကို ပြောထားဖူးပါတယ်။ 

ရခိုင်ပြည်နယ်အတွင်း ရခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ အပစ်ရပ်တာ နှစ်ကြိမ်ရှိပြီဖြစ်ပေမယ့် လူနေရွာ တွေအနီး စခန်းချနေထိုင်ကြတဲ့ စစ်ကောင်စီတပ်သားတွေကတော့ လက်ရှိအချိန်အထိ ဆုတ်ခွာပေးတာ မရှိ သေးပါဘူး။

စစ်ဘေးရှောင်နေကြရလို့ ဒေသခံတွေမရှိတဲ့ ရွာတွေထဲကပြည်သူပိုင်ပစ္စည်းတွေ နေအိမ်တွေကို စစ်ကောင်စီတပ် သားတွေက သယ်ယူရောင်းစားနေကြတာတွေနဲ့ပတ်သက်လို့ အခုလအတွင်း စစ်ကောင်စီခန့်ရခိုင်ပြည် နယ်ဝန် ကြီးချုပ်နဲ့ စစ်ဘေးရှောင်တွေ တွေ့ဆုံချိန်မှာ တင်ပြခဲ့ကြပါသေးတယ်။

အဲ့ဒီလိုတင်ပြရာမှာ စစ်ကောင်စီခန့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က စစ်သားတွေက အဲ့ဒီလိုယူနေတယ်ဆိုတာ ကိုယ် တိုင်မြင်ကြလားလို့ စစ်ရှောင်တွေကို အော်ငေါက်မေးခွန်းထုတ်ခဲ့တယ်လို့ တွေ့ဆုံရာမှာပါဝင်တဲ့ စစ်ဘေးရှောင် တွေက DNA ကိုပြောပြကြပါတယ်။

ဓာတ်ပုံ – Google

ပုံစာ – တကျော့ပြန်ရခိုင်တိုက်ပွဲကာလ ဘူးသီးတောင်မြို့နယ်အတွင်းတွေ့ရတဲ့ စစ်ကောင်စီတပ်သားများ