ဗုဒ္ဓဘာသာ ကိုးကွယ်မှုကို တရားဝင် အသိအမှတ်ပြုတဲ့ ဒုတိယမြောက် ဥရောပ သမဂ္ဂနိုင်ငံ ဖြစ်လာမယ့် ဘယ်လ်ဂျီယမ်

မတ်၊ ၁၈

ဘယ်လ်ဂျီယမ် နိုင်ငံဟာ တရားဝင် အသိအမှတ်ပြု ကိုးကွယ်ယုံကြည်မှုတွေမှာ ဗုဒ္ဓဘာသာကို ထည့်သွင်းမယ့် ဒုတိယမြောက် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ဖြစ်လာတော့မယ်လို့ သိရပါတယ်။

မတ် ၁၇ ရက်မှာ ဘယ်လ်ဂျီယမ်ရဲ့ ဖက်ဒရယ် အစိုးရက ဗုဒ္ဓဘာသာကို တရားဝင် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ စာရင်းမှာ ထည့်သွင်းမယ့် ဥပဒေ မူကြမ်းကို လက်ခံလိုက်ပြီ ဖြစ်ပါတယ်။ နိုင်ငံရဲ့ တရားဝင် ကိုးကွယ်ယုံကြည်မှု စာရင်းမှာ ပါဝင်လာတဲ့အခါ ဗုဒ္ဓဘာသာ အဖွဲ့အစည်းတွေအတွက် သိသာတဲ့ ကောင်းကျိုးတွေ ရရှိနိုင်မယ်လို့ ဆိုပါတယ်။ မြင်သာတဲ့ ကိစ္စတွေအဖြစ် ဖက်ဒရယ် အစိုးရဆီက တရားဝင် ထောက်ပံ့ငွေ ရရှိတာ၊ တရားဝင် ကိုယ်စားလှယ် အဖွဲ့တွေ ခန့်အပ်နိုင်တာ၊ ကျောင်းတွေမှာ သင်တန်းပို့ချနိုင်တာမျိုးတွေ ရှိလာမှာပါ။

ဘယ်လ်ဂျီယမ် နိုင်ငံရဲ့ ဗုဒ္ဓဘာသာ ယူနီယံဟာ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အသိအမှတ်ပြု ခံရရေးအတွက် ၂၀၀၆ ခုနှစ် ကတည်းက အပတ်တကုတ် အားထုတ်နေခဲ့တာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယမ်မှာ ဗုဒ္ဓဘာသာ ကိုးကွယ်သူ တစ်သောင်းခွဲလောက် ရှိမယ်လို့ ယူနီယံက ခန့်မှန်းထားပါတယ်။

လောလောဆယ် ဘယ်လ်ဂျီယမ် ဖက်ဒရယ် အစိုးရဟာ ရိုမန် ကက်သလစ်၊ အော့သိုဒေါ့စ်၊ အစ္စရေးလိုက်ထ်၊ အန်ဂျလီကန်၊ ပရိုတက်စတင့် အီဗန်ဂျလီကန်နဲ့ အစ္စလာမ် ဘာသာတွေကို တရားဝင် ကိုးကွယ်ယုံကြည်မှုတွေအဖြစ် သတ်မှတ် လက်ခံထားပါတယ်။ သိပ်မကြာခင်မှာတော့ ဗုဒ္ဓဘာသာကပါ အဲဒီစာရင်းထဲမှာ ပါဝင်လာတော့မှာပါ။

ဥရောပ သမဂ္ဂထဲမှာ ဗုဒ္ဓဘာသာကို တရားဝင် ကိုးကွယ်မှု ဘာသာတရားအဖြစ် လက်ခံထားတဲ့ ပထမဆုံး နိုင်ငံကတော့ ဩစတြီးယားဖြစ်ပြီး ၂၀၀၂ ခုနှစ်မှာ အသိအမှတ် ပြုခဲ့တာဖြစ်ပါတယ်။

ဘယ်လ်ဂျီယမ်မှာတော့ လုပ်ထုံးလုပ်နည်းတွေအရ အစိုးရ လက်ခံထားတဲ့ ဥပဒေ မူကြမ်းကို လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ရဦးမှာဖြစ်ပြီး အဲဒီနောက်မှာတော့ ဗုဒ္ဓဘာသာဟာ နိုင်ငံရဲ့ ၇ ခုမြောက် တရားဝင် လက်ခံထားတဲ့ ကိုးကွယ် ယုံကြည်မှု ဖြစ်လာမယ်လို့ သိရပါတယ်။

Ref: Reuters