မတ်၊ ၁၇
စစ်တွေမြို့ပေါ် မင်းဂံရပ်ကွက်မှာ နေအိမ်က ပျောက်ဆုံးသွားပြီးနောက် ဒဏ်ရာတွေနဲ့ ပြန်တွေ့ရတဲ့ အသက်(၁၂) နှစ်အရွယ် မိန်းကလေးငယ်ဟာ ဆေးရုံမှာသေဆုံးသွားခဲ့ပြီးအဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရခိုင့်တပ်တော် AAနဲ့ စစ် ကောင်စီ ရဲတပ်ဖွဲ့ နှစ်ဘက်လုံးက ကိုင်တွယ်နေတယ်လို့ စစ်တွေမြို့ခံတွေကပြောပါတယ်။
သတိလစ်နေတဲ့ အခြေအနေနဲ့ ပြန်တွေ့ရတဲ့ အဲ့ဒီမိန်းကလေးငယ်ဟာ ဆေးရုံမှာ သေဆုံးသွားပြီးနောက် စစ်ကော င်စီရဲတပ်ဖွဲ့က လူသတ်မှု၊ မုဒိန်းမှုတွေနဲ့ အမှုဖွင့်ဖို့ ပြင်ဆင်နေတယ် လို့ အဲ့ဒီဖြစ်စဉ်ကိုကူညီပေးနေတဲ့ အ မျိုး သမီးအရေး အဖွဲ့အစည်းတွေကDNA ကို ပြောကြပါတယ်။
“နေ့ခင်းက ဆုံးသွားပါတယ်။ အခု ဆုံးသွားလို့ အလောင်းကို ထုတ်ယူသွားပြီ”လို့ ကူညီပေးနေတဲ့ ရခိုင်အမျိုးသမီး ကွန်ရက်ဥက္ကဌ ဒေါ်ညိုအေးက ပြောပါတယ်။
မင်းဂံ အကွက်(၁၃)မှာနေထိုင်တဲ့ အဲ့ဒီ မိန်းကလေးငယ်ဟာ မတ်လ ၁၅ ရက်ကတည်းက ပျောက်ဆုံးနေခဲ့ တာ ဖြစ်ပြီး တရက်တစ်ကြာ မတ်လ ၁၆ ရက်နေ့မှာ သူတို့မိသားစုနေထိုင်တဲ့ရပ်ကွက်အနီး ရထားသံလမ်းဘေးမှာ ဒဏ် ရာတွေနဲ့ သတိလစ်နေတဲ့ အခြေအနေနဲ့ ပြန်တွေ့ခဲ့တာလို့သိရပါတယ်။
အဲဒီအမှုမှာ မိန်းကလေးငယ် မသေဆုံးမီက အပြင်းအထန်နာကျင်စေမှုပုဒ်မ ၃၂၆ နဲ့ စစ်တွေမြို့ ရဲစခန်းက အမှုဖွင့် ထားခဲ့ပြီး ယခုအခါ မုဒိန်းမှု၊ လူသတ်မှုတို့နဲ့ပါ ထပ်ဖွင့်နိုင်ဖို့ ရဲစခန်းက စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဒေါ်ညိုအေး ကပြောပါတယ်။
“ရဲက အမှုစစ်ပြီးတော့ ရမန်ယူတယ်၊ အမှုကတော့ ၃၀၂ ထပ်တိုးရတယ်။ rape case လည်း မြောက်တယ်၊ ပုဒ်မ ကတော့ ၃၇၆ ပေ့ါ။ နောက်ထပ် နှစ်မှုထပ်တိုးမှာပေ့ါ၊ထပ်တိုးဖို့အတွက် ဒီနေ့ ရဲက စစ်ချက်လာယူတယ်”လို့ သူက ပြောပါတယ်။
အဲ့ဒီမိန်းကလေးငယ်ဟာ တရပ်ကွက်တည်းနေတဲ့ အဒေါ်ဖြစ်သူအိမ်မှာ ညအိပ်ဖို့သွားရာက ပျောက်ဆုံးသွားခဲ့ တာဖြစ်ပြီး နောက်တနေ့မှာ ဒဏ်ရာတွေနဲ့ပြန်တွေ့ခဲ့ကြရတာလို့သိရပါတယ်။
လက်ရှိမှာ သေဆုံးသွားတဲ့ မိန်းကလေးငယ်နေထိုင်ရာ ရပ်ကွက်ထဲက လူငယ်နှစ်ဦးကို သံသယရှိတယ်လို့ဆိုကာ စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းက ဖမ်းဆီးထားပြီး ရခိုင့်တပ်တော်(AA)ဘက်ကလည်း နောက်ထပ် သံသယရှိ သူလူငယ်တချို့ကို ဖမ်းဆီးထားတယ်လို့ နီးစပ်သူတွေက ပြောကြပါတယ်။
အခုလိုမျိုး စစ်တွေမြို့ပေါ်မှာ လူသတ်မှု၊ အဓမ္မပြုကျင့်မှုတွေ ကျူးလွန်တာဟာ စစ်တွေမြို့ရဲ့ လုံခြုံရေး အခြေ အနေ ကို ပေါ်လွင်စေပြီး နောက်ထပ် အခုလိုပြစ်မှုတွေ မကျူးလွန်ရအောင် ကျူးလွန်သူတွေကို ထိထိရောက် ရောက်အ ရေးယူပေးဖို့လိုအပ်ကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူတွေနဲ့ ဒေသခံတွေက ထောက်ပြကြပါတယ်။
“ဥပေဒအကြောင်းအရ ထိုက်သင့်တဲ့အမြင့်ဆုံးပြစ်ဒဏ်ကို ပေးစေချင်တယ်၊ သေချာတယ်ဆိုရင်ပေ့ါနော်၊ မဟုတ် ရင် အမျိုးသမီးတွေရဲ့ ဘ၀ဟာ လုံခြုံမှုလုံး၀ကင်းမဲ့တယ်၊ ကျွန်မတို့ ဘယ်လိုလုပ်ရမလဲတာင် စဉ်းစားလို့မရ တော့ ဘူး”လို့ ဒေါ်ညိုအေးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၅ ရက်ကလည်း စစ်တွေမြို့လယ် ပြည်နယ်အစိုးရအဖွဲ့ရုံးအနီးမှာ အသက် ၁၈ နှစ် အရွယ် လူငယ်အမျိုးသမီးတဦး အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့ရပါတယ်။ အဲဒီအမှုမှာတော့ ကျူးလွန်သူလို့စွပ် စွဲခံရသူကို AA လက် အောက်ခံတရားရုံးက သေဒဏ်ချမှတ်ခဲ့ပါတယ်။