စစ်ကြောင်းထိုးမီးရှို့ခံရတဲ့ ထီးလင်း ရွှေခုံတိုင်ရွာက အသက်ရှစ်ဆယ်ကျော်မျက်မမြင်အဖွားအိုမီးလောင် သေဆုံး


မတ်၊ ၁၇

 မကွေးတိုင်း၊ယောဒေသ၊ ထီးလင်းမြို့နယ် ရွှေခုံတိုင်ကျေးရွာကို မတ်လ ၁၅ ရက်ညနေပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းက မီးရှို့ဖျက်ဆီး ခဲ့တဲ့အတွက် နေအိမ်ရှစ်လုံးမီးလောင်ကျွမ်းခဲ့ပြီး အသက်ရှစ်ကျော်အရွယ် မျက်မ မြင်အဖွားအိုတဦးလည်း မီးလောင်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေ​ဆီကသိရပါတယ်။

 မီးလောင်ပြီးအသက်ဆုံးရှုံးခဲ့ရသူဟာ ရွှေခုံတိုင်ရွာခံ အသက်ရှစ်ဆယ်ကျော်အရွယ် မျက်မမြင်အဖွားအို ဒေါ်ခင်ပု ဖြစ်တယ်လို့ ဒေသခံတဦးကပြောပါတယ်။စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာလို့ ဒေသခံတွေထွက်ပြေး တိမ်း ရှောင်ကြချိန်မှာ ဒေါ်ခင်ပုက လိုက်ပါတိမ်းရှောင်ဖို့ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။

“အသက်အရွယ်ကလည်းကြီး၊ကျန်းမာရေးကလည်းမကောင်းတော့ မပြေးချင်တော့ဘူး၊ခေါ်လို့မရတော့ဘူး၊ သူ့ အတွက်နဲ့ တခြားလူတွေကို ဒုက္ခမပေးချင်တော့တာပေါ့ဗျာ” လို့ ထီးလင်းဒေသခံတဦးကပြောပါတယ်။

ဒေါ်ခင်ပုရဲ့ရုပ်အလောင်းကိုမီးလောင်ကျွမ်းထားတဲ့အနေအထားနဲ့တွေ့ရှိခဲ့ကြရတာဖြစ်ပြီး အရှင်လတ်လတ်မီး လောင်ကျွမ်းသေဆုံးတာလား၊ အသတ်ခံရပြီးမှမီးရှို့ခဲ့တာလား ဆိုတာကိုတော့မသိနိုင်ဘူးလို့ ဆိုပါတယ်။

ရွှေခုံတိုင်ရွာဟာ ထီးလင်းမြို့မြောက်ဘက် အိုင်းမကျေးရွာအုပ်စုအတွင်း ထီးလင်း-ဂန့်ဂေါကာလမ်းဘေးက လူဦးရေ တထောင်ကျော်နေထိုင်တဲ့ရွာတရွာဖြစ်ပါတယ်။

ခုရက်ပိုင်းအတွင်း ထီးလင်းမြို့နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးမီးရှို့မှုတွေဆက်တိုက်လုပ်နေပြီး ထီးလင်း – ဂန့်ဂေါလမ်းမကြီးဘေးကျေးရွာတွေအပါအဝင် ကျေးရွာခြောက်ရွာကပြည်သူတွေ စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စစ်ကောင်စီကစစ်ကြောင်းထိုးနေတာကြောင့် ထီးလင်း – ဂန့်ဂေါလမ်း၊ ထီးလင်း – ကျောက်ထုလမ်း၊ ထီးလင်း – ရေမျက်နီလမ်းတွေကိုလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက သွားလာခွင့်ပိတ်ထားတယ်လို့ တော်လှန်ရေး အင်အားစုတွေဆီကသိရပါတယ်။