မတ်၊ ၁၆
ပဲခူးတိုင်း၊ပေါက်ခေါင်းမြို့နယ်မှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ပြီးနောက် ဖမ်းဆီးခံရတဲ့ CDM ကျောင်းဆရာတဦး အပါအဝင် ဒေသခံ အမျိုးသားခြောက်ဦးကို စစ်ကောင်စီက ထောင်တသက် လွတ်ရက်မရှိပြစ်ဒဏ် တွေချမှတ် လိုက်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက DNA ကိုပြောပါတယ်။
ပဲခူးတိုင်း အနောက်ခြမ်း ပေါက်ခေါင်းမြို့နယ်အတွင်း ဖောက်ခွဲတိုက်ခိုက်ခံရမှုတွေနဲ့ပတ်သက်လို့ သံသယရှိတယ် ဆိုကာ စစ်အုပ်စုက ဖမ်းသွားတဲ့ အဲ့ဒီအမျိုးသားခြောက်ဦးကို အမှုစစ် တရားရင်ဆိုင်တာမျိုးမရှိဘဲ မတ်လ ၁၅ရက် မနေ့က ထောင်တသက်လွတ်ရက်မရှိပြစ်ဒဏ်တွေချမှတ်လိုက်တာလို့ အဲ့ဒီအခြေအနေကိုသိတဲ့ မြို့ခံတဦးက ပြောပါတယ်။
“ကျန်းမာရေးကောင်းဖို့နဲ့ ထောင်ဝင်စာတွေ့ခွင့်အမြန်ရဖို့ပဲ ဆုတောင်းနေရတယ်၊ သူတို့ တကယ် အပြစ်လုပ်ခဲ့ရင် ရှောင်မှာပေါ့၊အခုက အိမ်မှာတင် အဖမ်းခံလိုက်ရတာလို့” သူကပြောပါတယ်။
ပြစ်ဒဏ်ချမှတ်ခံရသူတွေဟာ ပေါက်ခေါင်းမြို့ခံတွေဖြစ်တဲ့ ကိုသီရိ(ခ)တရုတ်ကြီး၊ ကိုထွန်းလွင်၊ကိုရန်နာင်စိုး၊ ကိုဇော်မျိုးဟိန်း၊ကိုအောင်သက်ပိုင်၊ကိုကျော်ကိုကိုတို့ဖြစ်တယ်လို့သိရပါတယ်။
အဲ့ဒီခြောက်ဦးထဲက ကိုအောင်သက်ပိုင်ဟာ CDM ကျောင်းဆရာတဦးဖြစ်ပြီး အရင်က လည်း တကြိမ်ဖမ်းဆီးခံ ရဖူးပေမယ့် ထောင်ဒဏ်ကျခံရခြင်းမရှိဘဲ ပြန်လွတ်ခဲ့ရာက အခုတကြိမ်မှာတော့ ထောင် တသက်လွတ်ရက်မရှိ ပြစ်ဒဏ်ချမှတ်ခံရတာလို့ သိရပါတယ်။
အလားတူ ပြစ်ဒဏ်ချမှတ်ခံရတဲ့ နောက်ထပ် အမျိုးသားငါးဦးရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရ သေးပါဘူး။ပြစ်ဒဏ်ချမှတ်ခံရသူ ခြောက်ဦးထဲက တဦးကတော့ ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်နေချိန် ဆေးရုံမှာပဲ ဖမ်းဆီးခံရတာလို့ သိရပါတယ်။
အဲ့ဒီအမျိုးသားခြောက်ဦးကို ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီက နေအိမ်တွေကနေ ငါးဦး၊ဆေးရုံကနေ တဦး ဖမ်းဆီးခဲ့တာဖြစ်ပြီး ပုဒ်မ-၅၂(က)၊ပုဒ်မ-၅၀၊ပုဒ်မ-၅၀/ဈ စတဲ့အကြမ်းဖက် ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ကာ တရား ရင်ဆိုင်ခွင့်မပေးဘဲ ပြစ်ဒဏ်တွေချမှတ်လိုက်တာလို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတဦးကပြောပါတယ်။
ပဲခူးတိုင်းအတွင်း စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်နေတဲ့ ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရတော့ ပေါက်ခေါင်းမြို့နယ်အတွင်း ဖောက်ခွဲတိုက်ခိုက်မှုတွေကိုPDF တပ်ဖွဲ့တွေက လုပ်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အခုထောင်တသက်ပြစ်ဒဏ်ချမှတ်ခံရသူတွေဟာ အဲ့ဒီတပ်ဖွဲ့နဲ့ သက်ဆိုင်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပေမယ့် DNA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။