လူအစုလိုက်အသတ်ခံရတဲ့ နန်းနိန်းရွာမှာ ဒေသခံတဆယ့်တဦးဆက်လက်ပျောက်ဆုံးနေ

မတ်၊ ၁၆

ရှမ်း ကယားနယ်စပ် ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းဒေသ၊ နမ်းနိန်းကျေးရွာက ဘုန်းကြီးကျောင်းအတွင်းမှာ မတ်လ ၁၁ရက်က သံဃာတော် (၃)ပါးနဲ့အရပ်သား၁၉ဦး အသတ်ခံရတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပြီး ပျောက်ဆုံးနေတဲ့ ရွာသားတွေလည်းရှိတယ်လို့ ဒီကနေ့ မတ်လ ၁၆ ရက်မှာပြုလုပ်တဲ့ နန်းနိန်းရွာဖြစ်စဉ် သတင်းစာရှင်းလင်းပွဲက သိရပါတယ်။

နေပြည်တော်နဲ့ မိုင် ၅၀ ကျော်တာဝေးတဲ့ ပင်လောင်းက နန်းနိန်းကျေးရွာကို မတ်လ ၁၁ ရက်နေ့က စစ်ကောင်စီတပ်တွေက စီးနင်းဝင်ရောက်လာချိန်မှာ ရွာထဲမှာ ဘုန်းတော်ကြီးတွေအပါအဝင်၃၃ယောက်ရှိနေခဲ့ပြီး အလောင်းတွေကတော့ ၂၂လောင်းတွေ့ရှိခဲ့တာဖြစ်ပါတယ်။

‘’စာရင်းအရတော့ ၃၃ယောက်ပေါ့။ Dead Body အလောင်းတွေ့တာတော့ ၂၂ လောင်းပေါ့။ကျန်တဲ့ ၁၁ ယောက်ကတော့ စစ်ကောင်စီကအသက်ရှင်နေတာလား၊ စစ်တပ်ကဖမ်းသွားတာလား။ဝါဒဖြန့်တဲ့သတင်းအမှားတွေထုတ်ပြန်ဖို့လုပ်ဆောင်ဖို့လုပ်နေလားဆိုတာမသိရသေးဘူး’’ လို့ KNDF ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မျက်မှန်ကပြောပါတယ်။

စစ်ကောင်စီဟာ အခုနှစ်ဖေဖော်ဝါရီလလယ်ကတည်းက ကရင်နီပြည်နယ်ကို စစ်ကြောင်း ၁၂ ကြောင်းနဲ့စစ်ကြောင်းထိုးနေပြီး ပင်လောင်းကဆောင်းပြောင်းဒေသအနီးမှာလည်းနှစ်ဖက်တိုက်ပွဲတွေဖြစ်နေတာကြောင့် နန်းနိမ်ကျေးရွာကဒေသခံတွေ စစ်ရှောင်ထွက်ပြေးဖို့ KNDF က အဲဒီဖြစ်ရပ်မတိုင်ခင်ဒေသခံတွေဆီသွားရောက်ညှိနှိုင်းပြောဆိုခဲ့တာလည်းရှိတယ်လို့ဆိုပါတယ်။

ဒါပေမယ့် ဘုန်းတော်ကြီးတွေနဲ့ ဒေသခံတွေဟာ ရွာကိုစောင့်ရင်းနေလိုကြောင်းနဲ့  တော်လှန်ရေးအဖွဲ့တွေကိုလည်းနှောက်ယှက်မှာမဟုတ်ဘူးလို့ ပြန်လည်ညှိနှိုင်းပြောဆိုခဲ့ပြီးအဲဒီအချိန်မှာ ကျေးရွာအတွင်းမှာ ဒေသခံ ၃၃ယောက်ရှိနေတာကိုသိခဲ့ရတယ်လို့ဆက်ပြောပါတယ်။

ဒါ့အပြင် အလောင်းတွေကိုတွေ့ရှိပြီးတဲ့နောက်  KNDF က ရဲဘော်တွေ ဒရုန်းနဲ့ထောက်လှမ်းမှုလုပ်ခဲ့ပြီးချိန်မှာတော့ ရွာအနီးမှာ အလောင်း ၇လောင်းကိုထပ်မံတွေ့ရှိခဲ့ပေမယ့် သေဆုံးသူရုပ်အလောင်းတွေလို့သာအတည်ပြုနိုင်ပြီးဘယ်သူဘယ်ဝါတွေဆိုတာအတည်မပြုနိုင်ခဲ့ဘူးလို့ဆိုပါတယ်။ဒါကြောင့် လက်ရှိအလောင်း ၂၂လောင်းကိုတွေ့ရှိအတည်ပြုနိုင်ပြီးအရပ်သား ၁၁ ယောက်ဟာ ဒီကနေ့အထိ အခြေအနေမသိရဘဲ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ဆိုကြပါတယ်။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နမ်းနိန်းကျေးရွာက အစုအပြုံလိုက်သတ်ဖြတ်မှုဟာ KNDF PNDF(KK)တို့က ကျူးလွန်တာဖြစ်တယ်လို့ စွပ်စွဲပြောဆိုပေးမဲ့ စစ်ကောင်စီရဲ့ လော်ဘီချန်နယ်တွေမှာတော့ ကယားပဒက်တွေကို နှိမ်နင်းခြင်း ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ အစောဆုံး ဝါဒဖြန့်ခဲ့ပါတယ်။ 

ဒါအပြင် အဲဒီနေ့က ဒေသခံတွေအသတ်ခံရတဲ့ဖြစ်စဉ်အနီးမှာတွေ့ရှိတဲ့ ကျည်ဆံရာတွေနဲ ကျည်ဆံတွေကတော့စစ်ကောင်စီတပ်သားတွေအသုံးပြုတဲ့ MA 5.56 ကျည်ဆံခွံတွေ၊ M79 ကျည်ဆန်ခွံတွေ၊ လက်နက်ကြီးအပိုင်းအစတွေ၊ ကပစထုတ်ကျည်ဆန်းဘူးခွံတွေ၊ လက်နက်ကြီးကြောင့် ပျက်စီးတဲ့‌ နေအိမ်တွေ စတဲ့ သက်သေတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားတယ်။ 

‘’ ကျွန်တော်တို့သေချာပြောနိုင်တာက မတ်လ ၁၁ ရက်နေ့က ကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့တွေ

ရွာထဲမှာမရှိနေခဲ့ဘူး။ လူထုကိုအကြမ်းဖက်သတ်ဖြတ်တဲ့လုပ်ရပ်ကို အရင်ကလည်းမလုပ်ခဲ့ဘူး။အခုလည်းလုပ်မှာမဟုတ်ဘူး။ နောင်လည်းမလုပ်ဘူး’’ လို့  KNDF ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။

ဒါ့အပြင် နန်းနိန်ရွာမှာအသတ်ခံရတဲ့ ဒေသခံတွေရဲ့ အလောင်းတွေကို ကရင်နီပြည်နယ်ကျန်းမာရေးကောင်စီကဆေးဘက်ဆိုင်ရာဆရာဝန်က ဆေးပညာအရစစ်ဆေးမှုတွေလုပ်ရာမှာလည်း ဒေသခံတွေဟာ ညှင်းပန်းနှိပ်စက်ခံရပြီးမှ သေဆုံးခဲ့တာဖြစ်တယ်လို့ ထွက်ပေါ်လာပါတယ်။

အဲဒီမှတ်တမ်းတွေကိုလည်း ကရင်နီပြည်နယ်ကျန်းမာရေးကောင်စီက ဒေါက်တာရဲဇော်ကဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ ဓါတ်ပုံသက်သေတွေနဲ့တကွက်ဆေးပညာအရထုတ်ဖော်ပြောသွားပါတယ်။

‘’ချွန်ထက်တဲ့အရာတွေနဲ့ထိုးခံထားရတယ်။ တချို့လူတွေက တချက်မကပစ်ခတ်ခံထားရတယ်။ရွာသားညှင်းပန်းနှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေက အသတ်မခံရခင်က ဖြစ်ထားတာတွေဆိုတာတပ်အပ်ပြောနိုင်ပါတယ်။ တချို့ဒဏ်ရာတွေကတော့ အနီးကပ်ရက်ရက်စက်စက်ပစ်ခတ်ခံထားရတာ’’လို့ ဒေါက်တာရဲဇော်ကဆိုပါတယ်။

ဒါကြောင့် ဒီဖြစ်ရပ်ကို မတရားညှင်းပမ်းနှိပ်စက်သတ်ဖြတ်မှုနဲ့ အမှုဖွင့်ထားပြီးတရားစွဲဆိုဖို့လုပ်သွားမယ်လို့ ကရင်နီပြည်သူ့ရဲ့တပ်ဖွဲ့ကလည်းပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ နန်းနိန်ရွာမှာဒေသခံတွေသတ်ဖြတ်ခံရတဲ့ဖြစ်စဉ်ကိုမြေပြင်မှာမှတ်တမ်းတင်ပြီး မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့တွေကိုပေးပို့ထားသလို မြေပြင်မှာရှိနေတဲ့သူတွေနဲ့တိုက်ရိုက်တွေ့ဆုံစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

‘’ မြန်မာအရေးကပြည်တွင်းအရေးမဟုတ်တော့ဘူး။ အာဆီယံဒေသကိုခြိမ်းခြောက်နေတဲ့ဒေသတွင်းပြသနာလည်းမဟုတ်တော့ဘူး။ စစ်တပ်က လူတိုင်းရဲ့ လူသားဖြစ်တည်မှုကိုခြိမ်းခြောက်တဲ့

ယူကရိန်းလိုမျိုး  စစ်ပွဲဆိုင်ရာရာဇဝတ်မှုတွေဖြစ်နေပြီ။ ဆွေးနွေးအဖြေရှာရုံတင်မကပဲ အရေးယူဆောင်ရွက်ရမယ်ဆိုတာလုပ်ဆောင်နေပြီလို့’’ NUG လူ့အခွင့်အရေးဝန်ကြီး ဒေါက်တာအောင်မျိုးမင်းကပြောပါတယ်။

NUG ရဲ့ထုတ်ပြန်ချက်အရ စစ်ကောင်စီက လူငါးဦးအထက်သတ်ဖြတ်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် ၆၄မှုအထိရှိနေပြီး အခုနှစ်မတ်လထဲမှာပဲ လူအစုလိုက်အသတ်ခံရတဲ့ဖြစ်စဉ် ၄ခုရှိခဲ့သလို အဲဒီဖြစ်စဉ်တွေကြားလူပေါင်း ၇၆၆ဦးသေဆုံးခဲ့တယ်လို့ ဒီကနေ့ မတ်လ ၁၆ ရက်သတင်းစာရှင်းလင်းပွဲမှာထုတ်ပြန်ပြောဆိုသွားပါတယ်။

နန်းနိန်ရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံတွေကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်နဲ့အတူစစ်ကောင်စီက  လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအားလုံးကို ပြင်းထန်စွာရှုတ်ချပြီး တရားမျှတမှု ပြန်လည်ရရှိရေးအတွက် အလေးအနက်ထား ဆောင်ရွက်သွားမယ်လို့ ဒီကနေ့ မတ်လ ၁၆ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကရင်နီအတိုင်ပင်ခံကောင်စီ(KSCC)နဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) တို့ကပူးတွဲထုတ်ပြန်ထားပါတယ်။