မတ်၊ ၁၆
တူရကီ နိုင်ငံက ငလျင်ဘေးသင့် ဒေသနှစ်ခုမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ပြီး ဒါဇင်နဲ့ချီ သေဆုံးမှုတွေ ကြုံနေရကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့လက အင်အားပြင်း ငလျင်ကြီးကြောင့် ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးမှုတွေ ကြုံခဲ့တဲ့ ဆန်လီရာဖာနဲ့ အဒီယာမန် ဒေသတွေမှာ ရေကြီးမှုတွေ ဖြစ်ပေါ်ပြီး ၁၃ ဦးထက်မနည်း သေဆုံးခဲ့သလို နောက်ထပ် အများအပြား ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီဒေသ နှစ်ခုဟာ ဆီးရီးယား မြောက်ပိုင်း နယ်စပ်နားမှာ တည်ရှိနေပါတယ်။
ရေကြီးလို့ သေဆုံးသူတွေထဲမှာ ၁ နှစ်အရွယ် ကလေးတဦးလည်း ပါဝင်ပြီး ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးတွေက ဖြန့်ကျက် ရှာဖွေနေပါတယ်။ ဒါ့အပြင် တုထ်မြို့မှာ ငလျင်ဘေးသင့် ဒုက္ခသည်တွေ ယာယီ ခိုလှုံနေတဲ့ ကွန်တိန်နာ အိမ်တလုံး ရေထဲမျောသွားရာက လူ ၂ ဦး သေဆုံးခဲ့သေးတယ်လို့လည်း သိရပါတယ်။
နောက်ပြီး ဆန်လီရာဖာက ရေဝင်နေတဲ့ မြေအောက်ခန်း တခုထဲမှာ ရေမွန်းသေဆုံးနေတဲ့ ဆီးရီးယား နိုင်ငံသား ၅ ဦးကိုလည်း ကယ်ဆယ်ရေးတွေက ရှာတွေ့ခဲ့ပါသေးတယ်။ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေသူတွေထဲက မီးသတ်တပ်ဖွဲ့ဝင် ၂ ဦးလည်း ပျောက်ဆုံးနေပါတယ်။
မိုးသည်းထန်ပြီး ရေကြီးမှုတွေကြောင့် ငလျင်ဘေးသင့် ယာယီဒုက္ခသည် စခန်းတခုကိုလည်း အရေးပေါ် ရွှေ့ပြောင်းစေခဲ့ရပါတယ်။ ဆန်လီရာဖာမှာ လမ်းတွေပေါ် ရေလျှံပြီး ကားတွေပါ မျောပါကုန်တဲ့ မှတ်တမ်း ဗီဒီယိုတွေကို ရုပ်မြင်သံကြား ဌာနတွေက ထုတ်လွှင့် ပြသခဲ့ကြပါတယ်။
ဖေဖော်ဝါရီ ၆ ရက်က ရစ်ချ်တာစကေး ၇.၈ အဆင့် အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်တာကြောင့် တူရကီနဲ့ အိမ်နီးချင်း ဆီးရီးယား နိုင်ငံမှာ စုစုပေါင်း လူ ၅၂၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ငလျင်ဒဏ်ကြောင့် တူရကီက အဆောက်အအုံပေါင်း ၂၀၀၀၀၀ ကျော် ပြိုကျမှု၊ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။