ချန်ပီယံလိဂ်ကို မေ့ထားပြီး ရှေ့ပွဲတွေကို အာရုံစိုက်ဖို့ လီဗာပူး အသင်းသားတွေကို ကလော့ပ်တိုက်တွန်း

မတ်၊ ၁၆

ချန်ပီယံလိဂ်က အရေးနိမ့် ထွက်ခွာရတဲ့ ခြောက်အိပ်မက်ကနေ အမြန်ဆုံး နိုးထပြီး ရှေ့လာမယ့် ပွဲစဉ်တွေ အတွက် အပြည့်အဝ အာရုံစိုက်ကြဖို့ ကစားသမားတွေကို လီဗာပူး မန်နေဂျာ ယာဂင်ကလော့ပ်က တောင်းဆိုလိုက်ပါတယ်။

 အင်္ဂလန် ထိပ်တန်းကလပ်ဟာ လက်ရှိ ဥရောပ ချန်ပီယံ ရီးရဲလ် မက်ဒရစ် အသင်းကို စပိန်မြေမှာ ၁-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ လီဗာပူးဟာ အိမ်ကွင်းမှာလည်း ရီးရဲလ်ကို ၅-၂ နဲ့ ရှုံးထားတာကြောင့် နှစ်ပွဲပေါင်း ၆-၂ ဆိုတဲ့ ရလဒ်ဆိုးနဲ့ ပြိုင်ပွဲကနေ ခါးခါးသီးသီး ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

 နိုင်ငံလက်ရွေးစင် အသင်းတွေ ယှဉ်ပြိုင်မယ့် ကာလ မတိုင်ခင်ထိ လီဗာပူးမှာ ကစားရမယ့်ပွဲကျန် မရှိတော့ပေမယ့်လည်း အဲဒီကာလ ပြီးတာနဲ့ မန်ချက်စတာ စီးတီး၊ ချဲလ်ဆီး၊ အာဆင်နယ်တို့လို အသင်းကောင်းတွေနဲ့ ဆက်တိုက်လိုလို ပွဲကျပ်တွေ ယှဉ်ပြိုင်ရမှာပါ။ ဂျာမန်သား မန်နေဂျာ ကလော့ပ်က သူ့ကစားသမားတွေ အနေနဲ့ ရှုံးနိမ့်မှုအကြောင်း အမြန်ဆုံး မေ့ဖျောက်ပြီး အဲဒီပွဲတွေအတွက် တင်းပြည့်ကျပ်ပြည့် အာရုံစိုက်စေချင်ကြောင်း ပြောပါတယ်။

 ချန်ပီယံလိဂ် သမိုင်းကြောင်းမှာ လီဗာပူးဟာ ခပ်ညံ့ညံ့ အသင်းမျိုး မဟုတ်ခဲ့ဘဲ ဆုဖလား ဆွတ်ခူးဖို့ဆိုတဲ့ စိတ်ဓာတ်၊ ခံယူချက်တွေနဲ့သာ အဓိက ယှဉ်ပြိုင်ခဲ့ကြောင်း၊ ဗိုလ်လုပွဲကိုလည်း အကြိမ်တချို့ ရောက်ခဲ့ဖူးကြောင်း၊ နောက်ဆုံး နှစ်အနည်းငယ်လောက်မှာ ဗိုလ်လုပွဲကို ၃ ကြိမ် တက်ရောက်ခဲ့ကြောင်း၊ ဒါကြောင့်လည်း ဒီနှစ်မှာ သေချာပေါက် ချန်ပီယံဖြစ်မယ်လို့ သူ့အနေနဲ့ ယုံကြည်ထားခဲ့ကြောင်း ကလော့ပ်က ဝန်ခံပါတယ်။

 ချန်ပီယံ ဖြစ်မယ့် အသင်းဟာ ထူးထူးကဲကဲ ကောင်းမွန်နေဖို့ လိုအပ်ပြီး လီဗာပူးကတော့ လက်တွေ့ မစွမ်းဆောင်နိုင်ခဲ့ကြောင်း၊ ဒါပေမဲ့ လီဗာပူးဟာ ချန်ပီယံလိဂ်မှာ နှစ်တိုင်း ဝင်ကစားနေဖို့ လိုအပ်တယ်ဆိုတာ အားလုံး နားလည်ထားကြောင်း၊ နိုင်ငံတကာ ပွဲစဉ်တွေ ယှဉ်ပြိုင်တဲ့ နားရက် အပြီးမှာတော့ လီဗာပူး အနေနဲ့ ပုံစံကောင်းနဲ့ ပြန်လာဖို့ လိုအပ်နေပြီး အထူးသဖြင့် စီးတီး၊ ချဲလ်ဆီး၊ အာဆင်နယ်တို့နဲ့ ရင်ဆိုင်ဖို့ အစစ အရာရာ အသင့်ဖြစ်နေဖို့ လိုအပ်ကြောင်း၊ အဲဒီပွဲတွေဟာ လာမယ့်ရာသီ လီဗာပူးက ချန်ပီယံလိဂ်မှာ ကစားခွင့် ရမရ ဆိုတဲ့အပေါ် အဆုံးအဖြတ် ဖြစ်လာနိုင်ကြောင်း သူက ဆက်ပြောသွားပါတယ်။

 လီဗာပူးဟာ လောလောဆယ် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ရာသီကုန် ချန်ပီယံလိဂ် ဝင်ခွင့်ရမယ့် အဆင့် ၄ နေရာနဲ့ ၆ မှတ် ကွာဟနေဆဲ ဖြစ်ပါတယ်။