မတ်၊ ၁၅
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံပျူစောထီးတွေကအခုရက်ပိုင်းမှာဒေသခံပြည်သူတွေကိုပြည်သူ့စစ်သင်တန်းတတ်ရောက်ဖို့အတင်းအကျပ်ဖိအားပေးနေတယ်လို့သိရပါတယ်။
“ဒီမတ်လ၁၄ရက်နဲ့၁၅ရက်မှာကျွန်းလှမြို့နဲ့ကပ်လျက်က ရှမ်းစုကျေးရွာနဲ့တပ်ကုန်းကျေးရွာကိုပျူစောထီးတွေကအစည်းအဝေးခေါ်၊မဲနိုက်ပြီးကျတဲ့သူတွေကိုမတတ်မနေရတတ်ရောက်ရမယ် ။မတက်ရင်နေအိမ်မီးရှို့မယ်ခြိမ်းခြောက်တယ်”လို့ ကျွန်းလှတတ်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်) က DNAကိုပြောပါတယ်။
အဆိုပါအစည်းဝေးကိုမတ်လ၁၄ရက်နေ့က ရှမ်းစု ကျေးရွာ ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး သန်းထိုက် နဲ့ နောက်လိုက်ငတူးနဲ့ငဝင်းတို့က ဦးဆောင်ခဲ့ကြပြီး မတ်လ၁၉ရက်မှာအစည်းအဝေးထပ်မံခေါ်ယူမယ်လို့သိရပါတယ်။
အစည်းအဝေးမှာ ပျူစောထီးခေါင်းဆောင် ဦးသန်းထိုက်က “ရပ်ကွက်သူ ရပ်ကွက်သားတွေအနေနဲ့ ပြည်သူတွေကို ကာကွယ်ဖို့၊ပြည်သူ့စစ်မရှိတဲ့ရွာတွေ မီးရှို့ဖျက်ဆီးခံရတာကြောင့် ပြည်သူ့စစ်သင်တန်း မဖြစ်မနေတက်ရောက်ရမယ်။ ကိုယ့်အသိစိတ်နဲ့ကိုယ်တက်ကြ။ မတက်ရင် မဲနှိုက်ရွေးချယ်မယ်” လို့ပြောဆိုခဲ့တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ကျွန်းလှမြို့ခံတဦးက ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံပျူစောထီးတွေဟာ မဲကျသူတွေမတတ်မနေရပြည်သူ့စစ်သင်တန်းတတ်ရမယ် မတတ်ရင်လူစားထည့်ပေးရမယ် မဟုတ်ရင်နေအိမ်တွေကိုမီးရှို့မယ်လို့ခြိမ်းခြောက်နေတယ်လို့လည်းစုံစမ်းသိရပါတယ်။
ကန့်ဘလူမြို့နယ်မှာ မကြာသေးခင်က ပျူစောထီတွေက တအိမ်တယောက်ကင်းစောင့်ခိုင်းတာ၊ကင်းမစောင့်နိုင်ရင် ငွေတသောင်းပေးရတာအပြင် စစ်ကောင်စီကိုမထောက်ခံတဲ့ ကျေးရွာတွေကိုမီးရှို့တာ၊ လုယက်တာတွေကိုလည်း ပြုလုပ်နေတာရှိပါတယ်။
ပြည်သူ့စစ်သင်တန်းတက်ရောက်ဖို့ အစည်းအဝေးခေါ် ခြိမ်းခြောက်ပြောဆိုပြီးနောက် မတ်လ ၁၅ ရက်နေ့မှာ မြို့အဝင်အထွက်များတွေကို ပြန်လည်ပိတ်ထားခဲ့ပြီး ဖြတ်သန်းသွားလာတာတွေကိုကန့်သတ်ထားတယ်လို့သိရပါတယ် ။
မတ်လ ၁ ရက်ကလည်း မြို့အဝင်အထွက်တွေကို ၁၀ ရက်ကြာ ပိတ်ထားခဲ့တဲ့အတွက် ရောင်းဝယ်ဖောက်ကားနေတဲ့ဒေသခံပြည်သူတွေရဲ့ အရောင်းအဝယ်တွေရပ်တန့်ကုန်တဲ့အထိ ထိခိုက်မှုများ ရှိခဲ့တဲ့အပြင် ကျန်းမာရေးနှင့် ဆက်စပ်သည့် ကုသမှုဆိုင်ရာ ကဏ္ဍများ၌လည်း အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ကျွန်းလှနဲ့တန့်ဆည်မြို့တွေမှာ မဘသဘုန်းတော်ကြီးဦးဝါသဝခေါင်းဆောင်ပြီးပျူစောထီးအဖွဲ့တွေဖွဲ့စည်းခဲ့ပေမယ့်လက်ရှိမှာသူ့နာမည်ပျောက်နေတယ်လို့သိရပါတယ်။
“သူ(ဦးဝါသဝ)နာမည်တော့မကြားဘူး။ ဒါပေမယ့်သူ့တပည့်တွေလုပ်နေတာ”လို့ ဒေသခံတဦးကပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်တနိုင်ငံလုံးအနှံ့ လက်နက်ကိုင်ဆန့်ကျင်မှုတွေကြောင့် အင်အားနည်းလာတဲ့ စစ်ကောင်စီဟာ စစ်မှုထမ်းဟောင်းတွေနဲ့ ထောက်ခံသူအရပ်သားတွေကို လက်နက်တပ်ဆင်ပေးပြီး အင်အားဖြည့်တင်းတာလုပ်ဆောင်နေတာပါ။