စစ်တပ် လက်ချက်နဲ့ အစုအပြုံလိုက်အသတ်ခံရတဲ့ဖြစ်စဉ် ခြောက်ဆယ်ကျော်အထိရှိနေ

မတ်၊ ၁၅

အာဏာသိမ်းစစ်တပ်က ဒီကနေ့အထိ လူငါးဦးနဲ့အထက် အစုအပြုံလိုက်သတ်ဖြတ်တဲ့ ဖြစ်စဉ် (၆၄) ခုအထိကျူးလွန်ခဲ့ပြီး အဲ့ဒီဖြစ်စဉ်တွေအတွင်း လူ (၇၆၆)ဦးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ် ရေးအစိုးရ (NUG)က ဒီကနေ့ထုတ်ပြန်ပါတယ်။

အာဏာသိမ်းပြီးနောက် လူထုသပိန်ဆန္ဒပြပွဲတွေကတည်းက အစုအပြုံလိုက်သတ်ဖြတ်မှုတွေကျူး လွန်ခဲ့တဲ့စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်အတွင်း တနေရာတည်းလူငါးဦးထက်ပိုတဲ့သတ်ဖြတ်မှု ကိုးကြိမ်လုပ်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီး ဌာနကလည်း ထုတ်ပြန်ပါတယ်။

အဲ့ဒီ ဖြစ်စဉ်ကိုးကြိမ်မှာ ပြည်သူ (၁၄၇)ဦးသေဆုံးခဲ့ပါတယ်။အာဏာသိမ်းမှုကိုလက်နက်မဲ့ ဆန့်ကျင် ဆန္ဒပြခဲ့တဲ့ သပိတ်တွေပစ်ခတ်ဖြိုခွင်းခံရတဲ့ဖြစ်စဉ်တွေအတွင်း လှိုင်သာယာ၊ပဲခူး စတဲ့သပိတ်တွေ ပစ် ခတ်ဖြိုခွဲခံရချိန်မှာ လူဆယ်နဲ့ချီသေဆုံးခဲ့ပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ကနီမြို့နယ် ယင်းရွာမှာ ၂၀၂၁ခု နှစ် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်က ကျူးလွန်ခဲ့တဲ့ အစုအပြုံလိုက်သတ်ဖြတ်မှုမှာတော့ လူ(၃၄)ဦးသတ်ဖြတ်ခံခဲ့ရပါတယ်။

ကလေးတွေအပါအဝင် လူ (၃၅)ဦးအထိသေဆုံးခဲ့ရတဲ့ ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုရွာ

ကအစုအပြုံလိုက်သတ်ဖြတ်ခံရမှုဟာလည်း ၂၀၂၁ခု နှစ် ဒီဇင်ဘာလအတွင်းဖြစ်ခဲ့တာပါ။ 

လက်နက်ကိုင်ခုခံတော်လှန်မှုတွေ အရှိန်အဟုန်မြင့်တက်လာပြီဖြစ်တဲ့ ပြီးခဲ့တဲ့ ၂၀၂၂ခု နှစ်မှာတော့ စစ်ကောင်စီက အစုအပြုံလိုက်သတ်ဖြတ်မှု (၄၄)ကြိမ်အထိ ကျူးလွန်ခဲ့ပြီး ပြည်သူ (၅၁၅)ဦးသေဆုံးခဲ့တယ်လို့ NUG ကဆိုပါတယ်။ 

မြေပြင်မှတ်တမ်းတွေအရ ၂၀၂၂ခု နှစ်အတွင်း ဖြစ်ခဲ့တဲ့ အစုအပြုံလိုက်သတ်ဖြတ်မှုတွေထဲမှာ ဖျော်ဖြေရေးပွဲလုပ်နေချိန် ဗုံးကျဲခံရပြီး လူ(၈၀)ဦးအထိ သေဆုံးခဲ့တဲ့ ဖားကန့် အနန့်ပါ ဖြစ်ရပ်ဟာ ထင်ရှားပါတယ်။

 အဲ့ဒီနှစ်အတွင်း စစ်ကောင်စီက ရေဦးနယ် မုန်တိုင်ပင်ရွာ၊ဖားကန့် ဆယ်ဇင်းရွာတို့မှာလည်း လူသုံးဆယ်ကနေ လေးဆယ်အထိသေဆုံးတဲ့အစုအ ပြုံလိုက် သတ်ဖြတ်မှုတွေလုပ်ခဲ့ပါတယ်။ဒါ့အပြင် စာသင်ကျောင်းကို လေကြောင်းနဲ့တိုက်ခိုက်လို့ က လေး ခုနစ်ဦးနဲ့ လူကြီး ခြောက်ဦး စုစုပေါင်း(၁၃)ဦး သေဆုံးခဲ့တဲ့ ဒီပဲယင်း လက်ယက်ကုန်းရွာဖြစ်စဉ်ဟာလည်း ၂၀၂၂ခု နှစ် စက်တင်ဘာလအတွင်းဖြစ်ခဲ့တာပါ။

လက်ရှိ အခုနှစ် နှစ်လခွဲအတွင်းမှာတော့ စစ်ကောင် စီက အစုအပြုံလိုက်သတ်ဖြတ်မှု (၁၁)ကြိမ်အထိကျူးလွန်ကာ လူ(၁၀၃)ဦးကိုသတ်ဖြတ်ခဲ့တယ်လို့ NUG ကပြောပါတယ်။

အခုနှစ်အတွင်းဖြစ်ခဲ့တဲ့ အစုအပြုံလိုက်သတ်ဖြတ်မှုတွေထဲ စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ် တာတိုင်ရွာက ဖြစ်စဉ်မှာ လူ(၁၇)ဦးသေဆုံးခဲ့သလို လတ်တ လော အပြန်အလှန်စွပ်စွဲမှုရှိနေတဲ့ ပင်လောင်းမြို့ နယ် နမ့်နိန်းရွာဖြစ်စဉ်မှာတော့ လူ (၂၂)ဦးသေဆုံးခဲ့ပါတယ်။

စစ်ကောင်စီ အစုအပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်တွေအတွင်း သေဆုံးသူတွေထဲက လူ (၂၀၆)ဦးဟာ အမျိုးသား အမျိုးသမီး မခွဲခြားနိုင်တော့အောင် သတ်ဖြတ်ခံထားရတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနကပြောပါတယ်။

ကျန်တဲ့ သတ်ဖြတ်ခံရသူတွေမှာတော့ အမျိုးသား (၄၈၂)ဦး၊အမျိုးသမီး (၇၈)ဦးပါဝင်တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီဟာ ၂၀၂၂ နှစ်ကုန်ပိုင်းကစလို့ အစုအပြုံလိုက်သတ်ဖြတ်မှုတွေကို သိသိသာသာဆိုး ရွားရွားကျူးလွန်လာခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနကဆိုပါတယ်။

ဖြစ်စဉ်မှတ်တမ်းတွေအရ စစ်ကောင်စီဟာ စစ်ကိုင်း တိုင်းအတွင်းမှာ အစုအပြုံလိုက်သတ်ဖြတ်မှုအများဆုံးကျူးလွန်ထားပြီး ဖြစ်စဉ် စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံ ဝန်းကျင်(၄၆)ကြိမ်ဟာ စစ်ကိုင်းတိုင်းမှာဖြစ်ခဲ့တာပါ။

အဲ့ဒီ ဖြစ်စဉ်တွေအတွင်း လူ (၄၄၉)ဦး သေဆုံးခဲ့တယ်လို့ NUG ကပြောပါတယ်။စစ်ကောင်စီက ကျူးလွန်ခဲ့တဲ့ ဆိုးရွားပြင်းထန်သတ်ဖြတ်မှုတွေဟာ နိုင်ငံတကာ ရာဇဝတ်မှုမြောက်ပြီး ကျူးလွန်သူတွေကိုအရေးယူနိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ NUG ကဆိုပါတယ်။

နိုင်ငံတကာအနေနဲ့လည်း အဲ့ဒီလိုသတ်ဖြတ်မှုတွေကို တားဆီးရပ်တန့်နိုင်ဖို့နဲ့ကျူးလွန်သူတွေကိုအပြစ်ပေးနိုင်ဖို့ ထိထိရောက်ရောက်လျင်လျင်မြန်မြန်ဆောင်ရွက်ဖို့လိုတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနကတိုက်တွန်းထားပါတယ်။

ဓာတ်ပုံ – NUG