ပုလောမှာ တိုက်ပွဲတွေကြောင့် ဒေသခံတထောင်ကျော် ထပ်မံစစ်ရှောင်နေ

မတ်၊ ၁၅

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ရှောင်စခန်းရှိတဲ့နေရာတွေဘက်ကို စစ်ကြောင်းထိုဝင်ရောက် ခိုက်တိုက်နေတာကြောင့် အရပ်သားတွေထောင်နဲ့ချီ ဘေးလွတ်ရာကို ထပ်မံရွေ့ပြောင်းနေရတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ရှောင်အရေး အကူအညီပေးနေသူတွေထံမှ သိရပါတယ်။

အင်အား ၁၅၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ကြောင်းသုံးခုခွဲပြီး မတ်လ ၁၂ ရက် ၊ည ၇ နာရီမှာ ကဒဲကျေးရွာအုပ်စုထဲကို ရုတ်တရက်စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။

နှစ်ဖက်ပစ်ခတ်မှုကြောင့် ကဒဲကျေးရွာအုပ်စုအနီးမှာရှိတဲ့ လက်ပံပြင်ကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ကျေးရွာရှိ စစ်ရှောင်စခန်းက ပြည်သူတွေက တထောင်ကျော်က ဘေးလွတ်ရာကို ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်တယ်လို့ စစ်ရှောင်အရေးအကူအညီပေး နေသူတဦးက ပြောပါတယ်။

“လက်ပံပြင်ရွာမှာက ဆယ်အိမ်စုတို့၊ ရွာတော်တော်များများက အဲဒီရွာမှာ လာရှောင်နေတာများတယ်၊ ကဒဲတို့လည်း ပါတယ်၊ ဒီစစ်ရှောင်နေရာမှာပဲ လာနေကြတယ်။ အခုဒီနေရာကနေပြီးတော့ နောက်တနေရာကို ပြန်ရွေ့ရတယ်ပေါ့၊ များများတော့ များတယ်၊ နေရာအားလုံး၊ စစ်ရှောင်အားလုံးဆိုရင် ထောင်ကျော်တယ်။” ဟု ၎င်းက ပြောပါတယ်။

အဲဒီညတိုက်ပွဲမှာ အရပ်သားတဦးအပါအဝင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ငါး ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က တဦးသေ၊တဦးဒဏ်ရာရတယ်လို့ ပုလောမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“တိုက်ပွဲက တစ်နာရီလောက်ပဲ ဖြစ်တယ်။ည က မှောင်နေတယ်ဆိုတော့ သူတို့လည်း လူမှားတယ်။ ကိုယ်တွေလူတွေလည်း လူမှားနေတယ်။ အနီးကပ်ကို ဖြစ်ကြတာ၊ သူတို့ကလည်း ဘယ်အဖွဲ့ကလည်း မေးတော့ KNU ကလို့ လိမ် ပြောတယ် ။ ဒီဘက်ကလူတွေက ကြည့်လိုက်တဲ့အချိန်မှာ စစ်တပ်တံဆိပ်တို့ ဦးထုပ်တို့ အဲဒါတွေ တွေ့တော့ ဓါးနဲ့ ဝင်ထိုးတာ၊ အဲကနေ စပြီးတော့မှ အနီးကပ်ကို ပစ်ကြတာ။” ဟု ၎င်းက ပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေက ပုလောမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေမှာ ဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်းတွေဘက်ကို စစ်ကြောင်းထိုးဖို့ လူနဲ့ လက်နက်အင်အားထပ်မံဖြည့်တင်းထားပြီး စစ်ရေးအသင့် အနေ အထားမှာ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“စစ်ရှောင်တွေ တိမ်းရှောင်နေနိုင်တဲ့ ကျေးရွာအနီးတဝိုက်မှာ အင်အားထပ်ချထားတာတော့ ရှိတယ်။ ဒီနေ့ရထားတဲ့သတင်းကတော့ မီးလောင်ချောင်း ဘက်ကနေ ကဒဲဘက်ကို ထပ်ဝင်မယ်လို့ သတင်းရထားတယ်။ အဓိက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ KNU ထိန်းချုပ်နယ်မြေတွေဘက်မှာ စစ်ရှောင်စခန်းတွေ ဖွင့်လှစ်ထားတာပေါ့နော်၊ အဲဒီနေရာတွေကို ဒီကောင်တွေ အခုနောက်ပိုင်း ပစ်မှတ်ထားပြီး ဝင်ရောက်တိုက်ခိုက်တဲ့ သဘောမှာ ရှိတယ်။” ဟု ၎င်းက ပြောပါတယ်။

ဒီလိုအခြေအနေတွေကြောင့် စစ်ရှောင်စခန်းတွေက ပြည်သူတွေဟာ တပူပေါ်တပူဆင့် ဆိုတဲ့အတိုင်း မည်သည့်နေရာမှ မလုံခြုံတော့ဘဲ တိမ်းရှောင်တဲ့နေရာတိုင်းကို စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ကလေးတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊သက်ကြီးရွယ်အိုတွေအခက်အခဲအများကြီး ကြုံတွေ့နေရတယ်လိုစစ်ရှောင်တွေကပြောပါတယ်။

“ကျွန်မတို့က ကိုယ့်ရွာမှာ ငြိမ်းငြိမ်းချမ်းချမ်းမနေရလို့၊ အခု ဒီဘက်က ရွာတွေထဲကို စစ်ရှောင်လာကြတယ်။ လွတ်ကင်းမယ်ထင်လို့ပေါ့။ အခုလည်း ဒီနေရာက မလုံခြုံတော့ပြန်ဘူး။ နောက်တနေရာထပ်ပြေးရပြန်ပြီ။ ကျွန်မတို့က သာမန်အရပ်သားတွေပါ။ စစ်ရှောင်စခန်းတွေတော့ လာပြီး မတိုက်ခိုက်စေချင်သလို၊ ဒီအနီးမှာလည်း မတိုက်ခိုက်စေချင်ဘူး’’နှစ်နေရာထက်မနည်း စစ်ရှောင်နေရတဲ့ အမျိုးသမီးတဦးကပြောပါတယ်။

ပုလောမြို့နယ်ဆိုရင် KNU ထိန်းချုပ်နယ်မြေတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်နယ်မြေတွေမှာ စစ်ရှောင်စခန်းဖွင့်လှစ်ထား သလို တချို့စစ်ဘေးရှောင်တွေကတော့ မိမိနီးစပ်ရာဆွေးမျိုးနေအိမ်၊ တောတောင်ဥယာဉ်ခြံတွေမှာလည်း တိမ်းရှောင်နေကြသူတွေလည်း ရှိကြပါတယ်။

တဖက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ရှောင်တွေ ရှိတဲ့နေရာဘက်ကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ပြုလုပ်နေတာကြောင့် စစ်ရှောင်ပြည်သူတွေအတွက် နေထိုင်ဖို့အပြင် အစားအသောက်ဆေးဝါးလိုအပ်ချက်တွေကလည်း ပိုမိုလိုအပ်လာတယ်လို့ ပုလောမြို့နယ်မှ စစ်ရှောင်ပြည်သူတွေကို အကူအညီပေးနေသူတဦးက ပြောပါတယ်။

“အခုဆို စစ်ရှောင်တွေ အရမ်းဒုက္ခရောက်တယ်။နေရာသစ်ကို ပြောင်းရတာ မလွယ်ဘူးလေအကို။နေထိုင်ဖို့ဟာ စီစဉ်ရမှာနဲ့ တခြားအစားအသောက်ကိစ္စ၊ ဆေးဝါးရိက္ခာတွေကအစပေါ့။ နောက်အဲဒါတွေ သယ်ယူဖို့ကိစ္စတွေလည်း လမ်းကြောင်းထပ်ရှာရ၊ တော်တော်ကို အဆင်မပြေဘူး၊ ဒီဟာတွေကလည်း လိုအပ်ချက်ရှိလာတယ်။ ခက်ခဲတယ်အကို။”ဟု ၎င်းက ပြောပါတယ်။

တနင်္သာရီတိုင်းဒေသကြီးထဲမှာဆိုရင် ဖေဖော်ဝါရီလတလအတွင်း တိုက်ပွဲနဲ့ အကြမ်းဖက်ပဋိပက္ခဖြစ်ဉ် (၇၅)ကြိမ်ဖြစ်ပွားခဲ့ပြီး အကြိမ်ရေအများဆုံးစာရင်းထဲမှာ ပုလောမြို့နယ်လည်း ပါဝင်တယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Southern Monitor က ပြောဆိုထားပါတယ်။

ဒါအပြင် ပုလောမြို့နယ်မှာ ဖေဖော်ဝါရီလတလထဲမှာ အမြဲတမ်းစစ်ရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ၂၆၀၀ ကျော်နဲ့ နီးစပ်ရာတောတောင် ဥယာဉ်ခြံမြေမှာ တိမ်းရှောင်နေရတဲ့ ယာယီစစ်ရှောင် ၂၅၀၀၀ ဦးခန့်ရှိတယ်လို့လည်း ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များ အထောက်အကူ ပြုရေးအဖွဲ့ထံမှ သိရပါတယ်။

ဓာတ်ပုံ – CJ

ပုံစာ – တနင်္သာရီတိုင်း၊ ပုလောမြို့နယ်က စစ်ရှောင်များ နေထိုင်ရပုံ။ ပုံဟောင်းဖြစ်ပါတယ်။