ညောင်ရွှေအကျဉ်းထောင်မှာ ထောင်တွင်းအကြမ်းဖက်မှုကြောင့် နိုင်ကျဉ်းတဦးသေဆုံး၊ ဆယ်ဦးထက်မနည်းဒဏ်ရာရ

မတ်၊ ၁၅

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ် ညောင်ရွှေအကျဉ်းထောင်မှာ မတ် ၁၄ ရက် နံနက်ပိုင်းက ထောင်တွင်းဆူပူမှုဖြစ်ပွားရာမှာ နိုင်ငံရေး အကျဉ်းသားတဦး သေဆုံးပြီး အကျဉ်းသား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အကျဉ်းထောင်ဝန်ထမ်းတွေနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။
 
အကျဉ်းသားတွေဟာ သူတို့ရဲ့ ခံစားခွင့်တချို့ကို အကျဉ်းထောင်ဝန်ထမ်းများထံ တောင်းဆိုရာကနေစပြီး ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာမှ အပြန်အလှန်ရိုက်နှက်တာတွေ ဖြစ်ပွားခဲ့ပါတယ်။
 
အပြန်အလှန်ရိုက်နှက်နေမှုဟာ မနက် ရှစ်နာရီမထိုးခင်လောက်ဖြစ်ပွါးပြီး ၁ နာရီနီးပါးကျော် ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီရဲ့အကျဉ်းထောင်လုံခြုံရေးဝန်ထမ်းတွေက သေနတ်ပစ်ဖောက်ခဲ့ပြီးတော့ ကိုးနာနီခန့်မှာ အခြေအနေတည်ငြိမ်သွားတယ်လို့ သိရပါတယ်။
 
ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ အကျဉ်းသားတွေကို ဖမ်းဆီးချုပ်နှောင်ရိုက်နှိက်တာတွေ ပြုလုပ်ရာမှ အကျဉ်းသားတဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့တယ်လို့ အမည်မဖော်မလိုတဲ့ အကျဉ်းထောင်ဝန်ထမ်းတဦးက ပြောပါတယ်။
 
“ ဖြစ်တာက မနေ့ မနက်ပိုင်း၈ နာရီမထိုးခင်လောက်ကပါ။ ပထမဆုံးဖြစ်ရတဲ့အကြောင်းအရင်းက အကျဉ်းသားတွေက အစားအသောက်ကိစ္စ၊ ကျန်းမာရေးကိစ္စတွေကအစ အကျဉ်းသားတွေခံစားခွင့်ရှိတဲ့ အရာတွေကို အကျဉ်းထောင်ဝန်ထမ်းတွေထံကနေ တောင်းဆိုရာကနေ စဖြစ်ကြတာလို့ သိရတယ်။ ၁ နာရီလောက်ဖြစ်ကြတယ်။ သေနတ်ပစ်ဖောက်တာတွေ လုပ်သေးတယ်။ နောက်တော့ အဲဒီဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ အကျဉ်းသား ၁၅ ဦးကျော် ၂၀ ဦးလောက်ကို အခန်းထဲထည့်ပြီး ထပ်စစ်ကြရင်းနဲ့ ရိုက်နှိက်တာ အရှိန်လွန်သွားလို့ နိုင်ငံရေး အကျဉ်းသားတဦး သေသွားတယ်။ တခြား ရိုက်ခံထိထားတဲ့ နိုင်ကျဉ်းတွေရော၊ တခြားအကျဉ်းသားတွေရော ၁၀ ဦး လောက်ကလည်း ရှိသေးတယ် ” ဟု ၎င်းက ပြောပါတယ်။
 
သေဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားဟာ ဘယ်သူဆိုတာနဲ့ ဒဏ်ရာရသူတွေ ဘယ်သူတွေဆိုတာ DNA က တိတိကျကျ မသိရသေးပါဘူး။
 
ဒါ့အပြင် ထောင်တွင်းရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကြောင့် ထောင်အဆောက်အဦအတွင်းရှိ စားပွဲခုံ၊ လှေခါးနဲ့ အသုံးအဆောင်ပစ္စည်းတချို့လည်း ပျက်စီးခဲ့တဲ့အပြင် အကျဉ်းထောင်ဝန်ထမ်းနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီဘက်က ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
 
အကျဉ်းထောင်ဝန်ထမ်းတဦးက သေနတ်ငါးချက်ပစ်ခတ်ပြီး အခြေအနေကို ထိန်းသိမ်းခဲ့တယ်လို့ ဖော်ပြထားသလို အကျဉ်းသားတဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရတယ်ဆိုပေမယ့် ဘာကြောင့်သေဆုံး၊ ဒဏ်ရာရတယ်ဆိုတာ မပါရှိပါဘူး။
 
အဲဒီထုတ်ပြန်ချက်မှာဆိုရင် ညောင်ရွှေအကျဉ်းထောင် ၂ ထပ်အိပ်ဆောင် ၁ မှ အကျဉ်းသား ၁၅ ဦးခန့်က အကျဉ်းထောင်ဝန်ထမ်းတွေကို ရိုက်နှက်တိုက်ခိုက်ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့ရာမှ စတင်ဖြစ်ပွားခဲ့ခြင်းပြီး ယခုဖြစ်စဉ်ဟာ နိုင်ငံရေးပုဒ်မတွေနဲ့ အရေးယူခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဦးဆောင်မှုကြောင့် ဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲပြောဆိုပါတယ်။
 
ဒီလိုအခြေအနေတွေကြောင့် ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ အကျဉ်းသားတွေကို စစ်ကောင်စီဘက်က တိုက်ပိတ် အစာငတ်ထားနိုင်သလို ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အကျဉ်းသားတွေကို ဆေးကုသပေးဖို့ အခက်အခဲရှိနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို အကူအညီပေးနေတဲ့ ရှေ့နေတဦးက သုံးသပ်ပါတယ်။
 
“ ဒီလိုမျိုးဖြစ်သွားရင် ခံရတာက အကျဉ်းသားတွေဘက်ကပဲ။ ဒီကောင်တွေ လုပ်နိုင်တယ် အစာအငတ်ထားတာတို့၊ တိုက်ပိတ်တာတို့တွေ​။ နောက်ပြီး ဒဏ်ရာရထားတဲ့ အကျည်းသားတွေဆိုရင် ဆေးကုသခွင့်ပေးဖို့က လွယ်လွယ်နဲ့ ရနိုင်မှာ မဟုတ်ဘူး ” ဟု ၎င်းက ပြောပါတယ်။
 
ဒါ့အပြင် တခြားပြစ်မှုပုဒ်မတွေနဲ့ အရေးယူခံထားရတဲ့ အကျဉ်းသားတွေထက် နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီက ပိုပြီး ညှင်းပမ်းနှိပ်စက်တာတွေ ပြုလုပ်နိုင်တယ်လို့ သူက ဆိုပါတယ်။
 
ညောင်ရွှေအကျဉ်းထောင်မှာဆိုရင် ရှမ်းပြည်နယ်နဲ့ ဒေသအသီးသီးက နိုင်ငံရေးပြစ်မှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့သူတွေအပါအဝင် အခြားပုဒ်မတွေ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်သား/အကျဉ်းသူ ရာနဲ့ချီရှိနေတာ ဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ဖေဖော်ဝရီလဆန်းကလည်း အိုးဖိုအကျဉ်းထောင်မှာ ရေနွေးတောင်းရာကနေ အကျဉ်းထောင်ဝန်ထမ်းတွေက မချေမငံဆက်ဆံရာကနေ နိုင်ငံရေးအကျဉ်းသူ ၇၀ခန့် အကြမ််းဖက်ရိုက်နှက်ခံရတဲ့ဖြစ်စဉ် ရှိခဲ့ပါတယ်။
 
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဥ်းသားတွေဟာ ရိုက်နှိက်နှိပ်စက်ခံနေရတာ၊ ဆေးကုသခွင့်မရတာတွေနဲ့ ပုံစံအမျိုးမျိုးနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာလည်း ဖြစ်ပါတယ်။
 
ညောင်ရွှေအကျဉ်းထောင်မှာ မနေ့က နိုင်ငံရေးအကျဉ်းသား ၁၃ဦး ထွက်ပြေးသွားပြီး တဦးသေဆုံးကာ၊ နှစ်ဦးပြန်မိတယ်ဆိုပြီး သတင်းတွေထွက်ပေမယ့် DNA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဓာတ်ပုံ – Social Media