မတ်၊ ၁၄
စစ်ကောင်စီတပ်တွေဟာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းနှစ်ကြောင်းညှပ်ထိုးနေလို့ ဒေသခံတသောင်းခွဲ ထွက်ပြေးတိမ်းရှောင်နေရပြီး မနေ့ကတရက်တည်း လေးဦးပစ်ခတ်သတ်ဖြတ်ခံရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းနှစ်ခုဟာ မြောင်မြို့နယ်တောင်ပိုင်းက ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာတွေကို မနေ့က မနက်ခြောက်နာရီ ဝန်းကျင်မှာ စတင်စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး စစ်ကြောင်းတခုစီက လူသုံးဦးစီဖမ်းဆီးကာ တဦးစီသတ်ဖြတ်ခဲ့တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ CDSOM က တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
“ ဒီ ပရိမ္မဘက်ကနေ စစ်ကြောင်းဝင်တယ်၊ ဝင်တဲ့အချိန်မှာ သုံးယောက်ဖမ်းမိတယ်၊ ဖမ်းမိတဲ့အချိန်မှာ မနေ့က ကိုးပင်ရွာသင်္ချိုင်းမှာ သူတို့ကိုယ်တိုင် သူတို့ကျင်းတွေ တူးခိုင်းတယ်၊ တူးခိုင်းပြီးတော့ လူတွေကို ဓာတ်ဆီလောင်းထားတယ်၊ အဲ့ဒီနောက် သေနတ်သံလေးချက်ကြားတယ်၊ သူတို့ပြန်လာတဲ့အချိန်မှာ နှစ်ယောက်ပဲ ပါလာတယ်၊ တယောက်က ပါမလာဘူး ” လို့ သူက ပြောပါတယ်။
ဒါ့အပြင် သာဒွန်းရွာခံတဦးနဲ့ တခြားစစ်ရှောင်တဦးကိုလည်း ထပ်မံသတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် ကူတို့ကုန်းရွာ၊ ကျောက်ဖူးကုန်းရွာ၊ ဗိုလ်မြတ်သာရွာ၊ ကသစ်ကုန်းရွာ၊ အညွန့်ရွာ၊ သာဒွန်းရွာ၊ အိုင်သာယာရွာ၊ မင်းတန်းရွာ၊ ဘုန်းခေါင်ရွာစတဲ့ ကျေးရွာတွေက ဒေသခံတွေ ရွာလုံးကျွတ်တိမ်းရှောင်ထွက်ပြေးနေရပြီး စုစုပေါင်း ဒေသခံ (၁၅၀၀၀)ကျော် တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ မြောင်မြို့ပေါ်ကနေလာတဲ့ စစ်ကြောင်းတကြောင်း၊ မြောင်မြို့နယ်တောင်ဘက်အဆုံး ချင်းတွင်းမြစ်ဘေး ပရိမ္မဘက်ကလာတဲ့ စစ်ကြောင်းတကြောင်းတို့နဲ့ ညှပ်ပြီး မြောင်မြို့တောင်ပိုင်းကျေးရွာတွေကို စစ်ကြောင်းထိုး မွှေနှောက်နေတာ ဖြစ်ပါတယ်။
ဒီကနေ့မှာလည်း စစ်ကောင်စီစစ်ကြောင်းဟာ မြောင်နယ်တောင်ပိုင်း ဧရာဝတီမြစ်ကမ်းနဖူးပေါ်က နေပူကုန်း၊ မင်းတန်း၊ နဂါးပေါက်နဲ့ ဘုန်းခေါင်ရွာတွေမှာ စစ်ကြောင်းဆက်ထိုးနေတယ်လို့ CDSOM တပ်ခွဲ(၃) က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ အခုလဆန်းပိုင်းကစလို့ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအစပ် ဧရာဝတီမြစ်ကမ်းပေါ်ကမြို့နယ် ဒေသတွေကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး အခုလဝက်အတွင်း အဲ့ဒီမြစ်ကမ်းတလျှောက်က စစ်ကိုင်း၊ မြင်းမူ နဲ့ လက်ရှိမြောင်နယ်တွေထဲ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေ လုပ်နေတာပါ။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းနဲ့မွန်ပြည်နယ်တို့မှာ အခုလ ဆယ်ရက်အတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာ၊ ရမ်းသမ်းပစ်ခတ်တာနဲ့ စစ်ကြောင်းထိုးလာချိန် တိမ်းရှောင်ထွက်ပြေးရင်း သေဆုံးရသူ စုစုပေါင်း (၄၃)ဦး ရှိတယ်လို့ NUG က မနေ့က ထုတ်ပြန်ထားပါတယ်။
အမေရိကန်အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တခုဖြစ်တဲ့ Human Rights Watch (HRW)ကတော့ အာဏာသိမ်းစစ်တပ်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေပြီး ကုလလုံခြုံရေးကောင်စီအနေနဲ့ ထိရောက်တဲ့အရေးယူမှုတွေ လုပ်ဖို့လိုတယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – CDSOM