အကျဉ်းထောင်တွေထဲ ဝင်ရောက်လေ့လာခွင့်ပြန်ရဖို့ မျှော်လင့်နေတယ်လို့ ICRC ပြော

မတ်၊ ၁၄
 
အာဏာသိမ်းစစ်တပ် ဒုခေါင်းဆောင်နဲ့ အခုလအတွင်း နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အကျဉ်းကျခံနေရသူတွေဆီ သွားရောက်လေ့လာသုံးသပ်ခွင့်ပြန်ရဖို့ မျှော်လင့်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ ICRC က ပြောပါတယ်။
 
“အကျဥ်း ကျခံနေရသူတွေဆီကို သွားရောက်လေ့လာသုံးသပ်မှုတွေ ပြန်လည်လုပ်ဆောင်နိုင်ဖို့နဲ့ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေရဲ့ဒဏ်ကို ခံစားရဆုံး ရပ်ရွာလူထုတွေဆီကို သွားရောက်ခွင့်တွေ တိုးတက်ရရှိစေဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်” လို့ ညွှန်ကြားရေးမှူး Martin Schüepp ကပြောကြောင်း ICRC ရဲ့ မတ်လ ၁၀ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ICRC ရဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ညွှန်ကြားရေးမှူး Martin Schüepp ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အခုလ ၈ရက်က နေပြည်တော်မှာ အာဏာသိမ်းစစ်တပ် ဒုတိယအကြီးအကဲနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
 
အဲ့ဒီ တွေ့ဆုံမှုအတွင်း ကိုဗစ်ရောဂါကြောင့်ပိတ်ပင်ထားတဲ့ အကျဉ်းကျခံနေရသူတွေနဲ့ မိသားစုတွေ ပြန်တွေ့ဆုံခွင့်ပြုရေး အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
 
ICRC ဘက်ကထုတ်ပြန်ထားတဲ့ အကျဉ်းကျနေသူတွေဆီ ပြန်လည်သွားရောက်လေ့လာခွင့်ရရေး ဆွေးနွေးခဲ့တယ် ဆိုတာကိုတော့ စစ်ကောင်စီသတင်းထုတ်ပြန်ချက်မှာ ဖော်ပြတာမရှိပါဘူး။
 
ကိုဗစ်- ၁၉ ရောဂါကူးစက်မှုကို ထိန်းချူပ်နိုင်ဖို့အတွက် ထောင်ဝင်စာပေးတာကလွဲလို့ အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေ တွေ့ဆုံရေးကို ပြီးခဲ့တဲ့အစိုးရလက်ထက်ကစလို့ ပိတ်ပင်ခဲ့တာဖြစ်ပြီး အာဏာသိမ်းကာလ နှစ်နှစ်ကျော်လာတဲ့ လက်ရှိအထိလည်း စစ်ကောင်စီက ဆက်လက်ပိတ်ပင်ထားဆဲဖြစ်ပါတယ်။
 
ဒါ့အပြင် ICRC လို နိုင်ငံတကာ အဖွဲ့အစည်းတွေဟာလည်း ကိုဗစ်ရောဂါတွေဖြစ်ချိန်ကစလို့ လက်ရှိအထိ အကျဉ်းထောင်တွေထဲ ဝင်ရောက်လေ့လာခွင့် မရသေးပါဘူး။ အဲ့ဒီလို နိုင်ငံတကာ အဖွဲ့အစည်းတွေ ဝင်ရောက်လေ့လာခွင့် မရတဲ့အပြင် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးအကျဉ်းသားတွေအပေါ် အကြမ်းဖက်ဖိနှိပ်မှုတွေနဲ့ အခွင့်အရေးချိုးဖောက်မှုတွေ ပိုဆိုးလာနေတယ်လို့ နိုင်ငံရေးအကျဉ်းသားအသိုင်းအဝိုင်းနဲ့ လေ့လာသူတွေက ထောက်ပြထားပါတယ်။
 
“နှိပ်စက်ညှင်းပန်းမှုတွေ ငွေကြေးမသမာမှုတွေ များပြားလာတယ်၊ အကျဉ်းထောင်ဥပဒေတွေကို ကျော်လွန်ပြီး အနိုင်အထက်လုပ်တာတွေ ပြုလာတယ်ပေါ့၊ ၂၀၂၁ နောက်ပိုင်းမှာကျတော့ ထောင်ဝန်ထမ်းတွေ မဟုတ်ဘဲနဲ့ အချူပ်သား အကျဉ်းသားတွေကို ရိုက်နက်တာတွေ တိုက်ပိတ်တာတွေ အများကြီးဖြစ်လာတာပေါ့၊ သူတို့(ICRC) ဝင်လာတယ်ဆိုရင် စဉ်ဆက်မပြတ်ဖြစ်နေတဲ့ ဒီလိုကိစ္စတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ယူဆရတယ် “လို့ တရားလွှတ်တော် ရှေ့ နေတဦးက ပြောပါတယ်။
 
ဒါပေမယ့် အကျဉ်းထောင်တွေထဲ ပြန်လည်ဝင်ရောက်လေ့လာခွင့်ပေးဖို့နဲ့ အကျဉ်းကျခံနေရသူတွေကို မိသားစုတွေနဲ့ ပြန်တွေ့ခွင့်ပေးဖို့ ICRC ရဲ့တောင်းဆိုချက်တွေကို စစ်ကောင်စီက လိုက်လျောပေးတာ မရှိသေးပါဘူး။
 
ICRC ရဲ့ အာရှပစိဖိတ်ဆိုင်ရာညွှန်ကြားရေးမှူး Christine Cipolla ဦးဆောင်တဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် အ တွင်း မြန်မာနိုင်ငံကို လာရောက်ကာ စစ်ကောင်စီရဲ့ပြည်ထဲရေး၊ ကျန်းမာရေးအပါအဝင် ဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး အကျဉ်း ထောင်တွေထဲ ဝင်ခွင့်ပြန်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီက လက်မခံခဲ့ပါဘူး။
 
အခုတကြိမ် စစ်ကောင်စီနဲ့ ICRC တို့ တွေ့ဆုံဆွေးနွေးမှုမှာလည်း ရလဒ်တစုံတရာ ထွက်ပေါ်တာမတွေ့ရတဲ့အတွက် အကျဉ်းထောင်အတွင်းက အကြမ်းဖက်ဖိနှိပ်မှုတွေ လျော့ကျသွားဖို့ မရှိနိုင်သေးဘူးလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)က ဦးထွန်းကြည်က ပြောပါတယ်။
 
“နိုင်ငံရေးအကျဉ်းသားတော်တော်များများက အကျဉ်းသူတွေအပါအဝင် အခုအချိန်အထိ တိုက်ပိတ်ခံထားရတယ်၊ ထောင်ဝင်စာအပိတ်ခံထားရတယ်၊ အခုအချိန်အထိ ဖိနှိပ်ညှင်းပန်းနှိပ်စက်ခံနေရဆဲပဲ၊ လောလောဆယ်ကတော့ အဲ့ဒါတွေနဲ့ပတ်သက်လို့ ပြောင်းလဲတိုးတက်မှုတစုံတရာ ဖြစ်လာမယ်လို့ မမြင်ဘူး”လို့ သူက ပြောပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီက ICRC တောင်းဆိုချက်တွေကို လိုက်လျောခဲ့ရင်တောင် ညွှန်ကြားချက်တွေအတိုင်း လုပ်ရမှာဖြစ်လို့ အကျဉ်းကျခံနေရသူတွေနဲ့ အကူအညီလိုအပ်နေတဲ့ လူထုအတွက် ကူညီကယ်ဆယ်မှုတွေ ရလာမှာ မဟုတ်ဘူးလို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ မသင်ဇာရွှန်းလဲ့ရည်က ပြောပါတယ်။
 
“စစ်အုပ်စုနဲ့ လက်မှတ်ထိုးပြီး သူတို့ လမ်းပြမြေပုံအတိုင်း လျှောက်ရပြီ ဆိုကတည်းက လူထုထိခိုက်မှုကို တကယ်ကယ်ဆယ်မှု မရောက်နိုင်ဘူး၊ သူတို့ (စစ်အုပ်စု)ချိုးဖောက်မှုတွေကို သူတို့ကိုပေးကြည့်မှာ မဟုတ်သလို မှတ်တမ်းတင်ခိုင်းမှာလည်း မဟုတ်ဘူး ” လို့ သူက ဆိုပါတယ်။
ဓာတ်ပုံ – နိုင်ငံတော်အတိုင်ပင်ခံရုံး
ပုံစာ – ၂၀၁၇ ခုနှစ်က ဘူးသီးတောင်မြို့နယ် အကျဥ်းထောင်အတွင်း ဝင်ရောက်လေ့လာခဲ့တဲ့ ICRC ကိုယ်စားလှယ်များ