အမေရိကန်-ဗြိတိန်-ဩစတြေးလျ သုံးနိုင်ငံ ပူးပေါင်း ရေငုပ်သင်္ဘောတပ်ဖွဲ့ ထူထောင်မယ့် အစီအစဉ် ကြေညာ

မတ်၊ ၁၄

ရေတပ်ရဲ့ ဖြန့်ကျက်မှုကို တိုက်ရိုက် တန်ပြန်မယ့် မျိုးဆက်သစ် ရေငုပ်သင်္ဘော တပ်ဖွဲ့ကြီးတစ်ခု စုပေါင်းထူထောင်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျ အစိုးရတွေ ပူးပေါင်း ကြေညာခဲ့ပါတယ်။

 Aukus သဘောတူ စာချုပ်ဟာ အင်ဒို-ပစိဖိတ် ဒေသမှာ တရုတ်ရေတပ်က ပိုမို ဖြန့်ကျက်လာမှုကို တွန်းလှန်ဖို့ ရည်ရွယ်ထားတာလို့တော့ တရားဝင် ကြေညာမထားပါဘူး။ ဒါပေမဲ့ နိုင်ငံတကာအရေး လေ့လာသူတွေကတော့ Aukusဟာ ဩစတြေးလျ ရေတပ်ကို နျူကလီးယား ရေငုပ်သင်္ဘောတွေ ထောက်ပံ့ပေးပြီး တရုတ်ကို ဟန့်တားမယ့် အမေရိကန်ရဲ့ မဟာဗျူဟာ အစီအမံ တရပ်လို့ ယူဆထားကြပါတယ်။

 မတ် ၁၃ ရက်က Aukusနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက် တချို့ကို ထုတ်ပြန်ခဲ့ရာမှာ ကနဦး အဆင့်အဖြစ် ဩစတြေးလျဟာ အမေရိကန်ဆီက နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော ၃ စီးထက် မနည်းကို လက်ခံ ရရှိမှာ ဖြစ်ပါတယ်။

 အဲဒီနောက်မှာတော့ အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ဟာ အဆင့်အမြင့်ဆုံး နည်းပညာတွေနဲ့ တည်ဆောက်ထားတဲ့ ရေငုပ်သင်္ဘော တပ်ဖွဲ့ကြီး တခုကို စုပေါင်း ထူထောင်ကြမှာပါ။ အဲဒီ ရေငုပ်သင်္ဘောတွေဟာ ဗြိတိန်ရဲ့ Rolls-Royce ကုမ္ပဏီက တည်ဆောက်မယ့် နျူကလီးယား ဓာတ်ပေါင်းဖိုတွေ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

 အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဩစတြေးလျဆီ လက်လွှဲပေးမယ့် ရေငုပ်သင်္ဘောတွေဟာ နျူကလီးယား စွမ်းအင်သုံး ဖြစ်ပေမယ့် နျူကလီးယား လက်နက်တွေတော့ တပ်ဆင်ထားမှာ မဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။

 သဘောတူညီမှုအရ ဩစတြေးလျ တော်ဝင်ရေတပ်ရဲ့ လက်ရွေးစင် အမှုထမ်းတွေဟာ အခုနှစ်ကစလို့ အမေရိကန်နဲ့ ဗြိတိန်က ရေတပ် အခြေစိုက် စခန်းတွေဆီ သွားရောက်ပြီး ရေငုပ်သင်္ဘောတွေကို ထိန်းချုပ် ကိုင်တွယ်မှုနဲ့ ပတ်သက်တဲ့ သင်တန်းတွေ တက်ရောက်မှာ ဖြစ်ပါတယ်။

 ၂၀၂၇ မှာတော့ အမေရိကန်နဲ့ ဗြိတိန်တို့ဟာ ဩစတြေးလျနိုင်ငံ၊ ပါ့သ်မြို့မှာရှိတဲ့ ဩစတြေးလျ ရေတပ်စခန်း တခုမှာ နျူကလီးယား ရေငုပ်သင်္ဘော တချို့ စတင် အခြေစိုက်စေမှာ ဖြစ်ပါတယ်။ ၂၀၃၀ ပြည့်လွန်နှစ်တွေမှာတော့ ဩစတြေးလျက အမေရိကန်ရဲ့ Virginiaအဆင့် တိုက်ခိုက်ရေး ရေငုပ်သင်္ဘော ၃ စီးကို ဝယ်ယူခွင့် ရှိမှာဖြစ်ပြီး နောက်ထပ် ၂ စီး ထပ်ဝယ်ခွင့်ကိုလည်း လမ်းဖွင့်ပေးထားမယ်လို့ ဆိုပါတယ်။

 ဒီကိစ္စတွေပြီးရင်တော့ သုံးနိုင်ငံ ပူးပေါင်းပြီး SSN-AUKUSလို့ နာမည်ပေးထားတဲ့ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော တပ်မကြီး တခုကို ထူထောင်မယ့် အဆင့်ကို ဆက်လက် အကောင်အထည် ဖော်မှာ ဖြစ်ပါတယ်။ အဲဒီ ရေငုပ်သင်္ဘောတွေကို ဗြိတိသျှ ဒီဇိုင်းနဲ့ ထုတ်လုပ်ပြီး ဩစတြေးလျနဲ့ ဗြိတိန်တို့မှာ အဓိက တည်ဆောက်မှာပါ။ ဒါပေမဲ့ နည်းပညာပိုင်းမှာတော့ သုံးနိုင်ငံစလုံးရဲ့ ထိပ်တန်း ဆန်းသစ် တီထွင်မှုတွေကို ထည့်သွင်း ပေါင်းစပ်ထားမယ်လို့ သိရပါတယ်။

 တရုတ်ဟာ ဩစတြေးလျရဲ့ အရေးအကြီးဆုံး ကုန်သွယ်ဖက် ဖြစ်နေတဲ့တိုင် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း နှစ်နိုင်ငံ ဆက်ဆံရေးမှာ အဖုအထစ်တွေ ရှိလာခဲ့ပါတယ်။ အခုအခါ တရုတ်ကို တန်ပြန်မယ့် စစ်အင်အား တည်ဆောက်မှုအတွက် ဩစတြေးလျက အမေရိကန်နဲ့ သွားရောက် ပူးပေါင်းခဲ့တဲ့အပေါ် တရုတ်ကလည်း ခါးသီးတဲ့ သဘောထားမျိုး ရှိနိုင်ပါတယ်။

 Aukusရဲ့ အစီအမံတွေအတွက် ဩစတြေးလျဟာ လာမယ့် ဆယ်စုနှစ် ၃ ခုကျော် ကာလအတွင်း ဩစတြေးလျဒေါ်လာ ၃၆၈ ဘီလီယံလောက်ထိ ကျခံ သုံးစွဲသွားရမယ်လို့ အစိုးရက ခန့်မှန်းထားပါတယ်။