မတ်၊ ၁၄
လာမယ့်ရာသီ သူ့ရဲ့ အနာဂတ်က ဘယ်လိုဘယ်ပုံ ဖြစ်လာမလဲဆိုတာ တပ်အပ် မပြောနိုင်သေးကြောင်း ချဲလ်ဆီး ကစားသမား ယာအိုဖီးလစ်က ဝန်ခံခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူးဟာ စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်နဲ့ စာချုပ်ထားသူပါ။ ဒါပေမဲ့ အသင်းမန်နေဂျာ ဒီယေဂို ဆီမြွန်းနဲ့ အဆင်မပြေတဲ့နောက် ဖီးလစ်ဟာ ဆောင်းရာသီ စျေးကွက် ကာလမှာ ချဲလ်ဆီးဆီ ရာသီဝက် အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။ အဲဒီလို ကာလတို ခေါ်ယူဖို့အတွက် ချဲလ်ဆီးဟာ အက်သလက်တီကိုအတွက် အတော်ကြီးကို များပြားတဲ့ အငှားပြောင်းရွှေ့ကြေး စတာလင်ပေါင် ၁၁ သန်းထိ ပေးချေခဲ့ရပါတယ်။
ဖီးလစ်ဟာ လောလောဆယ် အင်္ဂလန်ကလပ်မှာ အဆင်ပြေနေပြီး ပရိသတ် အားပေးမှုတွေ ရနေပေမယ့် ရာသီကုန်မှာ ချဲလ်ဆီးက သူ့ကို အပြီးသတ် ဝယ်မဝယ်ဆိုတာ မသေချာသေးပါဘူး။ ပြီးတော့ သူ့ရဲ့ အငှားစာချုပ် သက်တမ်းကုန်တဲ့အခါ သတ်မှတ် စျေးနှုန်းတစ်ရပ်နဲ့ အပြီးဝယ်ယူခွင့် ထည့်သွင်း သတ်မှတ်မထားပါဘူး။
ချဲလ်ဆီးဟာ လက်ရှိ ရာသီ အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရုန်းကန်နေရဆဲဖြစ်ပြီး လာမယ့်ရာသီ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ မရေမရာ ဖြစ်နေပါတယ်။ Telegraphနဲ့ အင်တာဗျူးမှာတော့ ဖီးလစ်က သူဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကစားချင်တယ်လို့ ရိုးရိုးသားသား ဝန်ခံခဲ့ပါတယ်။
ဒါပေမဲ့ လောလောဆယ် ချဲလ်ဆီးနဲ့အတူ ပြိုင်ပွဲတိုင်းကို အာရုံစိုက်နေပြီး ပြိုင်ပွဲတွေက မပြီးဆုံးသေးကြောင်း၊ သူ့ရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ရာမှာ ချန်ပီယံလိဂ် ကစားခွင့်က အရေးကြီးလာနိုင်ပေမယ့် အနာဂတ်ကို ဘယ်သူမှ ကြိုမသိနိုင်ကြောင်း၊ ဒါကြောင့် လောလောဆယ် ပစ္စုပ္ပန်ကိုပဲ အာရုံစိုက်ထားပြီး နောက်မှ ဘာဖြစ်လာမလဲ စောင့်ကြည့်ရုံသာရှိကြောင်း ဖီးလစ်က ပြောကြားသွားပါတယ်။
လက်ရှိ အခြေအနေမှာ ချဲလ်ဆီးဟာ ဖီးလစ်ကို အပြီးသတ် ဝယ်ယူဖို့ စုံစမ်းမှုတွေ ရှိနေပေမယ့် ကစားသမား ကိုယ်တိုင်ကတော့ လာမယ့်ရာသီ ချန်ပီယံလိဂ် ကစားရနိုင်ခြေကို စောင့်ကြည့်ပြီးမှ တခုခု ဆုံးဖြတ်ဖို့ ပိုလိုလားနေဟန် ရှိပါတယ်။
သူဟာ ချဲလ်ဆီး အသင်းအတွက် ၈ ပွဲ ကစားပေးထားပြီး သွင်းဂိုး ၁ ဂိုးသာ ရယူထားနိုင်ပါသေးတယ်။