စစ်တပ်လက်ချက်နဲ့ဆယ်ရက်အတွင်းလူလေးဆယ်ကျော်သေဆုံး

မတ်၊ ၁၃

အခုလအတွင်း နိုင်ငံတဝန်း တိုင်းနဲ့ပြည်နယ် ငါးခုမှာ စစ်တပ်လက်ချက်နဲ့ သံဃာတော်တွေအပါအဝင် (၄၃)ဦး သေ ဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့် ခွဲရေး ဝန်ကြီးဌာနက ဒီကနေ့ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊တနင်္သာရီတိုင်း၊ပဲခူးတိုင်းနဲ့မွန်ပြည်နယ်တို့မှာ အခုလ ဆယ်ရက်အတွင်း စစ်ကောင်စီ တပ်က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာ၊ရမ်းသမ်းပစ်ခတ်တာနဲ့စစ်ကြောင်းထိုးလာချိန် တိမ်းရှောင်ထွက်ပြေးရင်း သေဆုံးရသူ စုစုပေါင်း (၄၃)ဦးရှိတယ်လို့ အဲ့ဒီဝန်ကြီးဌာနက ဖော်ပြပါတယ်။

အဲ့ဒီစာရင်းမှာ ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာမှာ မတ်လ (၁၂)ရက်ကဖြစ်ခဲ့တဲ့ အစုအပြုံလိုက်သတ်ဖြတ် ခံရ မှုအတွင်း သေဆုံးခဲ့သူတွေမပါဝင်သေးပါဘူး။

အခုလအတွင်းမှာ စစ်ကောင်စီတပ်က နိုင်ငံအတွင်း ဒေသအနှံ့မှာ အစုအပြုံလိုက်သတ်ဖြတ်တာနဲ့ ရက်ရက်စက် စက်သတ်ဖြတ်မှုတွေ ပိုမိုကျူးလွန်လာတယ်လို့ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင် ရာစီမံ ခန့်ခွဲရေး ဝန်ကြီးဌာနကပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့စာရင်းတွေအရတော့ ဒီကနေ့အထိ စစ် ကောင် စီလက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ပြည်သူ (၃၁၂၄)ဦးရှိပါပြီ။အဲ့ဒီအဖွဲ့ရဲ့ ဖေဖော်ဝါရီ ၂၈ရက်အထိ စာရင်းတွေ အရ စစ် တပ်လက်ချက်နဲ့သေဆုံးသူ (၃၀၇၁)ဦးရှိပါတယ်။

အခုလ ဆယ့်သုံးရက်အတွင်း သတ်ဖြတ်ခံရသူ (၅၃)ဦးထပ်တိုးလာတဲ့သဘောဖြစ်ပါတယ်။အခုလအတွင်း စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်တာတိုင်ရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊မြင်းမူနယ် လက္ကပင်ရွာမှာဖြစ်ခဲ့တဲ့ သတ် ဖြတ်မှုတွေနဲ့ ပင်လောင်းမြို့နယ် နမ့်နိန်းရွာ အစုအပြုံလိုက်သတ်ဖြတ်မှုတွေဟာ စစ်ကောင်စီတပ်ရဲ့ လူမဆန်တဲ့ သတ်ဖြတ်မှုတွေအဖြစ် ထင်ရှားပါတယ်။

 ဒီသတ်ဖြတ်မှုတွေထဲ စစ်ကိုင်းတိုင်းထဲက သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ စစ်အုပ်စုဘက်က ကျယ်ကျယ်ပြန့်ပြန့် ဖြေရှင်းတာတွေမရှိပေမယ့် ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်အစပ် ပင်လောင်းမြို့နယ် နမ့်နိန်းရွာဖြစ်စဉ်ကိုတော့ KNDF အပါအဝင် တော်လှန်ရေးအင်အားစုတွေလက်ချက်အဖြစ် စစ်အုပ်စုဘက်က သတင်းဖြန့် ဝါဒမှိုင်းတိုက်မှု တွေလုပ်နေတာပါ။

ဘုန်းကြီးကျောင်းကို နောက်ခံထားပြီး အစုအပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှုဖြစ်ခဲ့တဲ့ နမ့်နိန်းရွာဟာ ဗုဒ္ဓ ဘာသာ ဝင် ပအိုဝ်းတိုင်းရင်းသားတွေနေထိုင်တဲ့ဒေသဖြစ်ပြီး အဲ့ဒီဒေသမှာ စစ်ကောင်စီနဲ့ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ က ရင်နီ အမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ဖွဲ့အပါအဝင် ကရင်နီတိုင်းရင်းသားအများစုဟာ ခရစ်ယာန် ဘာသာဝင်တွေဖြစ်ပါတယ်။

 စစ်ကောင်စီဟာ နမ့်နိန်းရွာဖြစ်စဉ်ကို အခြေပြုပြီး လူမျိုးရေး၊ဘာသာရေးအမုန်းတရားတွေပေါ်ပေါက်လာအောင် ဝါဒဖြန့် သွေးထိုးနေတာဖြစ်တယ်လို့ ပအို့ဝ်းတော်လှန်ရေးအဖွဲ့တွေနဲ့ ဒေသတွင်း စစ်ရေးလှုပ်ရှားနေတဲ့ တော်လှန် ရေး အင်အားစုတွေက ထုတ်ပြန်ရှင်းလင်းထားကြပါတယ်။

NUG ရဲ့စာရင်းတွေအရ အခုလဆယ်ရက်အတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးမီးရှို့လို့ ပြည်သူ့နေအိမ် (၁၂၀၀) နီးပါး ပျက်စီးခဲ့သလို ဆန်၊ဆီ၊ရိက္ခာတွေအပါအဝင် တန်ဖိုး ကျပ်သိန်း ခြောက်ရာကျော်ရှိတဲ့ ပစ္စည်း တွေလည်း မီးရှို့ ဖျက်ဆီးခံရတယ်လို့ ဆိုပါတယ်။

အမေရိကန်အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တခုဖြစ်တဲ့ Human Rights Watch (HRW)ကတော့ အာဏာသိမ်းစစ်တပ်ဟာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ကျူးလွန်နေပြီး ကုလ လုံခြုံရေးကောင်စီအနေနဲ့ ထိရောက်တဲ့အရေးယူမှုတွေလုပ်ဖို့လိုတယ်လို့ ဒီကနေ့ထုတ်ပြန်ပါတယ်။

အာဏာသိမ်းပြီးနောက်စစ်တပ်က ကျူးလွန်ခဲ့တဲ့ တရားလက်လွတ်သတ်ဖြတ်မှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေ၊ မ တရားထောင်ချမှုတွေနဲ့ အရပ်သားတွေအပေါ် စနစ်တကျ ကျူးလွန်နေမှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူး လွန်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ HRW ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ကုလလုံခြုံရေးကောင်စီက ဆုံးဖြတ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့၊လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လွတ်လွတ်လပ်လပ် ပေး နိုင်ဖို့ ဆိုတဲ့အချက်တွေကိုလည်း စစ်ကောင်စီက လိုက်နာမှုမရှိဘဲ လျစ်လျှူရှုထားတယ်လို့ ကုလလုံခြုံရေး ကောင် စီမှာ မြန်မာ့အရေးတံခါးပိတ်ဆွေးနွေးပွဲလုပ်မယ့် ဒီကနေ့မှာ HRW ကထောက်ပြထားပါတယ်။