အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းတဲ့အထိ တိုက်ပွဲဝင်ဖို့ NUG အပါအဝင် ကျောင်းသားသမဂ္ဂအင်အားစုတွေတိုက်တွန်း

မတ်၊ ၁၃

အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းဖို့အပါအဝင် တန်းတူညီမျှတဲ့ဖယ်ဒရယ်နိုင်ငံတော်သစ်တည်ဆောက်နိုင်တဲ့အထိဆက်လက်တိုက်ပွဲဝင်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီကနေ့ မတ်လ ၁၃ ရက်မှာတိုက်တွန်းပြောကြားလိုက်ပါတယ်။

ရန်ကုန်စက်မှု တက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးသွားခဲ့တဲ့(၃၅)နှစ်မြောက်မှာအမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) အပါအဝင်သက်ဆိုင်ရာတက္ကသိုလ်ကျောင်းသားသမဂ္ဂအသီးသီးနဲ့တကသကျောင်းသားဟောင်းများအင်အားစုတို့ ကသဝဏ်လွှာအသီးသီးထုတ်ပြန်ခဲ့ကြပါတယ်။

အဲ့ဒီ့သဝဏ်လွှာအသီးသီးမှာကိုဖုန်းမော် နှင့် ကိုစိုးနိုင်တို့ မျိုးစေ့ချခဲ့သည့် တိုက်ပွဲဝင်စိတ်ဓာတ်အမွေကို အလေးအနက်ထား ခံယူရင်း မြန်မာ့ဒီမိုကရေစီ တော်လှန်ရေး သမိုင်းတလျှောက် ကျဆုံးခဲ့ကြရသော အာဇာနည်အပေါင်းကို ဦးညွှတ်ဂုဏ်ပြုအပ်ကြောင်း နှင့် ၎င်းတို့ အနေဖြင့်လည်း ညီညီညွတ်ညွတ်ဖြင့် မဝေးတော့သည့် တော်လှန်ရေး အောင်ပွဲပန်းတိုင်ရောက်သည်အထိ အစွမ်းကုန် ကြိုးပမ်းရင်း လျှောက်လှမ်းသွားကြဖို့နဲ့အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းဖို့အပါအဝင်တန်းတူညီမျှတဲ့ဖက်ဒရာယ်နိုင်ငံတော်သစ်တည်ဆောက်နိုင်တဲ့အထိဆက်လက်တိုက်ပွဲဝင်ကြဖို့ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းထားပါတယ်။

‘’ရှစ်ဆယ့်ရှစ်အရေးတော်ပုံကြီးကပုံဖော်ပေးလိုက်တဲ့မပြီးပြတ်သေးတဲ့တော်လှန်ရေးတာဝန်တွေကိုဒီခေတ်မှာလက်ဆင့်ကမ်းရမယ်ပြီးပြတ်အောင်တာဝန်ထမ်းဆောင်ရလိမ့်မယ်။ခုနကပြောခဲ့သလိုပဲခေတ်တိုင်းမှာပြင်းပြင်းထန်ထန်တပ်လှန့်နှိုးဆော်ခဲ့တဲ့ကျောင်းသားခေါင်းဆောင်တွေပြည်သူတွေအများကြီးရှိခဲ့ကြတယ်။မြသွဲ့သွဲ့ခိုင်ကစလို့ပြည်သူတွေကသူတို့အသက်ကိုစတေးပြီးတိုက်ပွဲဝင်ခဲ့ကြတာပါကျဆုံးခဲ့တဲ့သူတွေအတွက်ကျတော်တို့ကဂုဏ်ပြုရင်းဦးညွှတ်အလေးပြုရင်းနဲ့ပဲဒီတိုက်ပွဲပြီးဆုံးအောင်သွားဖို့လိုပါတယ်”လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌကိုမင်းဟန်ထက်က DNA ကိုပြောပါတယ်။

ဒါ့အပြင်ကိုဖုန်းမော်ကျဆုံးတဲ့နေ့ဟာ လူထုနဲ့ ကျောင်းသားထုကိုအာဏာရှင်ဦး နေဝင်းအစိုးရရဲ့ ရက်စက်ယုတ်မာမှုတွေ၊ ခေါင်းပုံဖြတ်မှုတွေကို ပိုမိုသိမြင်နိုးကြားလာစေခဲ့ပြီး ကျောင်းသားထုတိုက်ပွဲနဲ့ အနာဂတ် လူထုတိုက်ပွဲတွေကို ပေါ်ပေါက်လာစေခဲ့ပြီး အရေးတော်ပုံတရပ်ကို မွေးဖွားပေးခဲ့ပါတယ်လို့လဲသူကဆိုပါတယ်။

ကိုဖုန်းမော်ဟာ ၁၉၈၈ ခုနှစ် ၊မတ်လ ၁၃ ရက်မှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့်အင်းစိန်စက်မှုတက္ကသိုလ်ပင်မဆောင်ရေပန်းအနီးမှပဲရင်ညွှန့်၊ ဆီးစပ်နဲ့ ဒူးခေါင်းနေရာတွေမှာ ကျည်ဆန်ထိမှန်ဒါဏ်ရာတွေရရှိပြီးရန်ကုန်ပြည်သူ့ဆေးရုံကြီးအရောက်မှာပဲသေဆုံးခဲ့သလိုနောက်ထပ်ကျောင်းသားတဦး့ဖြစ်တဲ့ကိုစိုးနိုင်ဟာလဲရန်ကုန်ဆေးရုံကြီးမှာပဲသေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

၁၉၈၉ ခုနှစ်၊ မတ်လ ၁၃ ရက် ၊နှစ်ပတ်လည်နေ့မှာတော့ အဲဒီနေ့ကို “မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့” အဖြစ် တော်လှန်ရေးသမားတွေက သတ်မှတ်လိုက်ကြပြီးတော့ဖုန်းမော်နေ့ဟာ ဒီကနေ့ ၂၀၂၃ခုနှစ်၊ မတ်လ ၁၃ ရက်မှာ (၃၅) နှစ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်လို့လည်းသိရပါတယ်။

ကိုဖုန်းမောင်သေဆုံးတာက စခဲ့တဲ့ ကျောင်းသားအရေးအခင်းဟာ လူထုလှုပ်ရှားမှုအသွင်ပြောင်းသွားနောက် ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်မှာ(၈၈၈၈) တနိုင်ငံလုံးအတိုင်းအတာနဲ့ အဲဒီတုန်းက တပါတီအာဏာရှင်စနစ် ဖြုတ်ချဖို့ နဲ့ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးဖို့တောင်းဆိုခဲ့ကြပါတယ်။

ဦးနေဝင်းဦးဆောင်တဲ့ တပါတီအာဏာရှင်စနစ်ပြုတ်ကျသွားပေမယ့် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီး ပါတီစုံအထွေထွေဒီမိုကရေစီရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပေမယ့် အနိုင်ရ အင်န်အယ်လ်ဒီပါတီကို အာဏာလွှဲမပေးခဲ့ပါဘူး။

၂၀၁၀ ပြည့်နှစ်မှာ စစ်တပ်က ဦးဆောင်ပြီး ရွေးကောက်ပွဲတဖန်ကျင်းပပေးခဲ့ပေမယ့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ၈ ရက် ရွေးကောက်ပွဲမှာ အနိုင်ရ အင်န်အယ်လ်ဒီပါတီကို မဲမသမာမှုရှိတယ်ဆိုပြီး စွပ်စွဲကာ အာဏာလွှဲမပေးပဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာထပ်မံသိမ်းယူထားတာ အခုလို ၂ နှစ်ကျော်ပြီဖြစ်ပါတယ်။