ဘက်ခ်မတ် တိုက်ပွဲမှာ ရုရှားရော၊ ယူကရိန်း တပ်တွေပါ အကျအဆုံးများနေ

မတ်၊ ၁၃

ယူကရိန်း အရှေ့ပိုင်းက ဘက်ခ်မတ်မြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ရုရှားရော၊ ယူကရိန်း တပ်တွေပါ အကြီးအကျယ် ထိခိုက် သေကြေမှုတွေ များပြားနေတယ်လို့ သိရပါတယ်။

ရုရှားဟာ ဘက်ခ်မတ်ကို သိမ်းယူဖို့ အစွမ်းကုန် ကြိုးစားနေပြီး ယူကရိန်း တပ်တွေကလည်း ပြင်းပြင်းထန်ထန် ကြံ့ကြံ့ခံနေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရုရှားတပ်တွေက မြို့ကို ဝန်းရံ ပိတ်ဆို့လာနိုင်ပြီး မြို့တွင်းတိုက်ပွဲတွေပါ အစပြုလာပြီ ဖြစ်ပေမယ့် မြို့ကိုတော့ မသိမ်းယူနိုင်သေးပါဘူး။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ဘက်ခ်မတ်မှာ ရုရှားတပ်ဖွဲ့ဝင် ၁၁၀၀ ကျော်သေပြီး နောက်ထပ် အများအပြား ထိခိုက် ဒဏ်ရာ ရခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ယူကရိန်းဖက်က အသေအပျောက်လည်း မနည်းဘူးလို့ ယုံကြည်ရပါတယ်။

ရုရှားတွေက သူတို့ဟာ ၂၄ နာရီတာ အချိန်တို အတွင်းမှာတင် ယူကရိန်းစစ်သည် ၂၂၀ လောက်ကို ရှင်းလင်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ရေး သုတေသီတွေကတော့ ဘက်ခ်မတ်ဟာ မဟာဗျူဟာအရ တန်ဖိုးသိပ်မရှိတဲ့ နေရာမျိုး ဖြစ်ပေမယ့် စစ်မြေပြင်မှာ တောက်လျှောက် အဆုံးအရှုံးတွေ ရင်ဆိုင်ထားခဲ့ရတဲ့ ရုရှားတွေ အတွက်တော့ စိတ်ဓာတ်ရေးရာ မြှင့်တင်ဖို့ အရေးကြီးတဲ့ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

တကယ်လို့သာ ဘက်ခ်မတ်ကို သိမ်းယူနိုင်ခဲ့မယ်ဆိုရင် ဒွန်းညက်စ်ခ် ပြည်နယ်ကြီး တခုလုံးကို ထိန်းချုပ်ချင်တဲ့ ရုရှားရဲ့ ရည်မှန်းချက်တွေ ပြည့်ဝဖို့ နည်းနည်း ပိုနီးစပ်လာမှာ ဖြစ်ပါတယ်။

ဇီလန်စကီးကတော့ မတ် ၆ ရက်ကစလို့ ရက်ပိုင်းအတွင်း ဘက်ခ်မတ်က ခုခံရေး တပ်တွေဟာ ရုရှားစစ်သား ၁၁၀၀ ကျော်ကို သုတ်သင်နိုင်ခဲ့ကြောင်း၊ ရုရှားဟာ မြို့တဝိုက်မှာ ထိခိုက်ကျဆုံးမှုတွေ ဆိုးဆိုးရွားရွား ကြုံတွေ့နေရကြောင်း ဇီလန်စကီးက ပြောပါတယ်။ နောက်ပြီး ရုရှားစစ်သည် ၁၅၀၀ လောက်လည်း အပြင်းအထန် ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

ရုရှားရဲ့ နာမည်ကြီး ကြေးစားတပ်ဖွဲ့ တခုဖြစ်တဲ့ Wagnerက ဘက်ခ်မတ် မြို့သိမ်း တိုက်ပွဲကို ဦးဆောင်နေပြီး မကြာသေးခင်ကတော့ Wagnerရဲ့ ခေါင်းဆောင်ဖြစ်သူက ရုရှားအနေနဲ့ သူ့တပ်တွေဆီ ခဲယမ်းမီးကျောက်တွေ လုံလုံလောက်လောက် ပို့ဆောင်မပေးနိုင်ရင် ထိုးစစ်မြားဦး ကျိုးသွားနိုင်ကြောင်း လူသိရှင်ကြား သတိပေးခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ Wagnerနဲ့ ရုရှား အစိုးရကြားမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်နေတယ်လို့လည်း သိရပါတယ်။  

Ref: BBC