မြောက်ကိုရီးယားက ရေငုပ်သင်္ဘော အခြေစိုက် ဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်

မတ်၊ ၁၃

မြောက်ကိုရီးယားဟာ ရေငုပ်သင်္ဘော အခြေစိုက် ဒုံးကျည်နှစ်စင်းကို ဂျပန်ပင်လယ်ပြင်ကနေ စမ်းသပ် ပစ်လွှတ်ခဲ့တယ်လို့ သိရပါတယ်။

မတ် ၁၂ ရက် မနက်ပိုင်းက မဟာဗျူဟာ ခရုစ်ဒုံးကျည် နှစ်စင်းကို 8.24 Yongungအဆင့် ရေငုပ်သင်္ဘော တစ်စီးကနေ ပစ်ခတ်ခဲ့တာလို့ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အဲဒီ ရေငုပ်သင်္ဘောကပဲ ၂၀၁၆ ခုနှစ်တုန်းက မြောက်ကိုရီးယားဟာ ပထမဆုံး ရေငုပ်သင်္ဘော အခြေစိုက် ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ် ခဲ့ဖူးပါတယ်။

တောင်ကိုရီးယား ပူးပေါင်း စစ်ဆင်ရေး ဌာနက မြောက်ကိုရီးယားဟာ တောင်ပိုင်း ဟမ်ယန်းဒေသမှာရှိတဲ့ ဆင်ပို ဆိပ်ကမ်း အလွန်ကနေ အနည်းဆုံး ဒုံးကျည် တစင်းကို စမ်းသပ် ပစ်ခတ်ခဲ့တယ်လို့ မတ် ၁၂ ရက်မှာ ကြေညာခဲ့ပါတယ်။

KCNAရဲ့ အဆိုအရ အခုစမ်းသပ် ပစ်ခတ်တဲ့ ဒုံးကျည်တွေဟာ အချိန် ၁ နာရီလောက် ပျံသန်းပြီး ကီလိုမီတာ ၁၅၀၀ လောက်ထိ ခရီးပေါက်ခဲ့ကြောင်း၊ ဝေ့ဝိုက် လမ်းကြောင်းပြောင်း ပျံသန်းမှု ၈ မျိုးလောက်ကို လက်တွေ့ စမ်းသပ်ခဲ့တဲ့နောက် ရည်ရွယ်ထားတဲ့ ပစ်မှတ်ကို တိတိကျကျ ထိမှန်ခဲ့ကြောင်း သိရပါတယ်။

မြောက်ကိုရီးယားဟာ အဲဒီမတိုင်ခင် ၃ ရက်ကလည်း ပင်လယ်ဝါဖက်ကို တာတိုပစ် ဒုံးကျည် ၆ စင်းထက်မနည်း စမ်းသပ်ခဲ့ပါသေးတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ ဒုံးကျည်တိုက်ခိုက်ရေး ယူနစ်တွေဟာ ရည်ရွယ်ချက် နှစ်ခုအတွက် အသင့်ပြင်ဆင်ထားဖို့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ညွှန်ကြားခဲ့ပါတယ်။ အဲဒါတွေကတော့ စစ်ပွဲကို ဟန့်တားဖို့၊ ဒါမှမဟုတ်ရင် စစ်ပွဲကို အစပြုဖို့ ဖြစ်တယ်လို့ KCNAက ဖော်ပြပါတယ်။

ပြိုင်ဘက်တွေဖြစ်တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ကိုရီးယား ကျွန်းဆွယ်တ​ဝိုက်မှာ အင်အား အလုံးအရင်းနဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်ဖို့ ပြင်ဆင်နေချိန်မှာ မြောက်ကိုရီးယားကလည်း ဒုံးကျည်တွေ စမ်းသပ်ပစ်ခတ် အင်အားပြနေတာ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာတော့ ဒေသတွင်း တင်းမာမှုတွေက မြင့်တက်နေပြီး မြောက်ကိုရီးယားရဲ့ တန်ပြန် စစ်ရေးလေ့ကျင့်မယ့် အစီအစဉ်တွေကို မျက်စိဒေါက်ထောက် စောင့်ကြည့်နေကြောင်း တောင်ကိုရီးယား စစ်ထောက်လှမ်းရေးတွေက ပြောကြားထားပါတယ်။

Ref: CNN